အာဆင်နယ်ကတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တဆင့်ကို တက်သွားခဲ့ပါပြီ။ အုပ်စုဗိုလ်အဖြစ်နဲ့ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ရှုံးပွဲတပွဲတည်းသာရှိခဲ့ပြီး သက်တောင့်သက်သာနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။ အုပ်စုပထမနေရာရခဲ့လို့လည်း အခြားအုပ်စုတွေက အုပ်စုဗိုလ်အသင်းတွေကိုပါ ရှောင်လွှဲနိုင်ခဲ့ပါပြီ။
အာတီတာရဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်အတန်ကြာမှာ ပြန်လည်ပြီး ကစားခွင့်ရခဲ့တာပါ။ ဒါပေမယ့်လည်း သူတို့အတွက်တော့ ပြိုင်ပွဲနဲ့ စိမ်းမနေဘဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်ပရိသတ်တွေက အသင်းအပေါ် ပိုမိုမျှော်လင့်လာနေပြီဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်မှာ အာဆင်နယ်တို့ ဗိုလ်လုပွဲအထိ တက်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ အကြောင်းရင်းကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ အခြေအေနတခု၊ အာဆင်နယ်ရဲ့ အုပ်စုတွင်းအနေအထားဟာ ၂၀၀၆ တုန်းက သူတို့ ဗိုလ်လုပွဲတက်ခဲ့တုန်းကနဲ့ တူညီနေခဲ့လို့ပါ။
၂၀၀၆ တုန်းက ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ အုပ်စုနောက်ဆုံးနေရာသာရလို့ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အာဆင်နယ်က အဲဒီတုန်းက အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ခဲ့ပြီး အုပ်စုတွင်းမှာ ဟော်လန်ကလပ်အေဂျက်ဇ်ကို ရင်ဆိုင်ခဲ့ရတာပါ။ ဗိုလ်လုပွဲအထိ အာဆင်နယ်တို့ တက်ရောက်နိုင်ခဲ့ကာ ဘာစီလိုနာကို အရေးနိမ့်ခဲ့ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီရာသီမှာလည်း ယူနိုက်တက်တို့ အုပ်စုအောက်ဆုံးအဆင့်နဲ့ ပြိုင်ပွဲကထွက်ခဲ့ရပြီး အာဆင်နယ်ကလည်း အုပ်စုဗိုလ်အဖြစ် နောက်တဆင့်တက်ကာ အုပ်စုတွင်းမှာ ဟော်လန်ကလပ် PSV နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီလို ထူးခြားတဲ့တိုက်ဆိုင်မှုတွေကြောင့် အာဆင်နယ်တို့ ဗိုလ်လုပွဲအထိ တက်နိုင်မလား ပရိသတ်တွေက စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။