ဇန်နဝါရီလအတွင်း ရုံးတော်က စီရင်ချက်ချမှာပါ။

အမှုကိစ္စကို ရိုးရိုးသားသားပြည့်ပြည့်စုံစုံတင်ပြခဲ့တဲ့အပြင် ချေပလျှောက်လဲချက်တွေကလည်း ဥပဒေကြောင်းအရ အမြင့်ဆုံးစံနှုန်းတွေနဲ့ အညီ ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

Photo- Myanmar State Counsellor Office

လက်နက်ကိုင်ပဋိပက္ခတွေ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဥပဒေစိုးမိုးရေးမှာ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေနဲ့ သွေဖယ်နိုင်ပေမယ့် ဒါဟာ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တာမဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ချိုးဖောက်သူတွေ၊ ကျုးလွန်သူတွေ ရှိခဲ့ရင်လည်း ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်မှာ ဖြစ်သလို ဒီလို အရေးယူဖို့ ဆန္ဒနဲ့ အရေးယူနိုင်စွမ်းကလည်း ကျွန်မတို့မှာ အပြည့်အ၀ ရှိနေပါတယ်” လို့ အတိုင်ပင်ခံက ပြောပါတယ်။

တရားရုံးတော်ကိုလည်း ဒီကနေ့ ရခိုင်ပြည်နယ်ရဲ့ မြေပြင်အခြေအနေသာမက ဒီဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ အရင်းခံ သမိုင်းကြောင်းနောက်ခံ၊ စီးပွားရေး၊လူမှုရေးနဲ့ စစ်ရေးဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ဆိုပါတယ်။

တရားခွင်အတွင်း ဂမ်ဘီယာနိုင်ငံက တင်ပြရာမှာ ပဋိပက္ခတွေကို အစပြုစေခဲ့တဲ့ ၂၀၁၆၊၂၀၁၇ ခုနှစ်အတွင်း ARSA ရဲ့ တိုက်ခိုက်မှုအကြောင်းကို ပါရုံကလောက်လေးပဲပြောကြားခဲ့တဲ့အပြင် တပ်မတော်နဲ့ AA လက်နက်ကိုင်အကြား ဒီနေ့အထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို လုံး၀ ထည့်သွင်း ပြောကြားခဲ့တာမျိုးလည်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောပါတယ်။

နောက်ဆုံးလျှောက်လဲချက်အနေနဲ့ ရုံးတော်ကို မေတ္တာရပ်ခံထားတဲ့ အချက်တွေကတော့ဂမ်ဘီယာမှ ရုံးတော်ကိုတင်သွင်းထားတဲ့ အမှုကိစ္စကို ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးဖို့၊ ဂမ်ဘီယာက တောင်းဆိုတဲ့ ကြားဖြတ်စီမံ ဆောင်ရွက်ချက်တွေကို ပယ်ချပေးဖို့ ဆိုပြီး လျှောက်လဲထားတယ်လို့သိရပါတယ်။

လက်ရှိအချိန်ကတော့ တရားရုံးတော်ရဲ့ စီရင်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားဖို့ပဲ ဖြစ်ပြီး စီရင်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်း ရုံးတော်က ချမှတ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

 တရားရုံးတော်အတွင်းက လျှောက်လဲမှု အပြည့်အစုံကို အများပြည်သူသိရှိဖို့အတွက် မြန်မာဘာသာပြန်ဆိုမှုတွေလည်း ဆောင်ရွက်နေပြီး တရားခွင်ကို သွားရောက်ခဲ့ကြတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေ အနေနဲ့ တရားရုံးလျှောက်လဲမှုတွေနဲ့ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေရေးရာ၊ နိုင်ငံရေးရာနဲ့ သံတမန်ရေးရာ ရှုထောင့်အမြင်တွေကို ဆွေးနွေးထားတဲ့ စကားဝိုင်းဆွေးနွေးပွဲကိုလည်း မနက်ဖြန် ဒီဇင်ဘာ (၁၉) ရက်နေ့မှာ ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။

အခုလို အရေးကိစ္စတွေနဲ့ ရင်ဆိုင်လာရချိန်မှာ နိုင်ငံအနှံ့အပြားကနေထောက်ခံအားပေးခဲ့ကြတဲ့ ပြည်သူတွေနဲ့ ဝန်းရံမှုတွေကလည်း အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ခဲ့ကြောင်းနဲ့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာ လူမျိုးပြုန်းတီးသတ်ဖြတ်မှုကျုးလွန်တယ်ဆိုပြီး တရားစွဲဆိုထားမှု အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့အဖွဲ့ဟာ ဒီဇင်ဘာ (၁၀) ရက်ကနေ (၁၂) ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးေတော်(ICJ) ရှေ့မှောက်မှာ (၃) ရက်တာ ကြားနာပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က