အရသာကောင်းပြီး အမြဲတမ်းလူစည်နေတဲ့ဆိုင်တွေပါ။

တောင်ဥက္ကလာပမြို့နယ် ၊ နန္ဒဝန်ဈေးအနီးတစ်ဝိုက်က အရသာကောင်းပြီး လူကြိုက်များတဲ့ မုန့်ဆိုင်များစွာ ရှိပါတယ်။ အခုပြောပြပေးမယ့် မုန့်ဆိုင်လေးတွေကတော့ နန္ဒဝန်ဈေးဘက်ရောက်တိုင်း မဖြစ်မနေ စားသွားသင့်တဲ့ ဆိုင်လေးတွေ ဖြစ်ပြီး နှစ်ပေါင်းများစွာ အောင်မြင်စွာရပ်တည်ရောင်းချနိုင်ခဲ့တဲ့ ဆိုင်တွေလည်း ပါဝင်သလို ဖွင့်လှစ်ထားတာ သိပ်မကြာသေးပေမယ့်လည်း လူကြိုက်များနေတဲ့ ဆိုင်တွေလည်း ပါဝင်ပါတယ်။



တောင်ဥက္ကလာရဲ့နာမည်ကျော် ပဒေသာလမ်းဆုံမုန့်ဟင်းခါး

ပဒေသာလမ်းဆုံမုန့်ဟင်းခါးကတော့ တောင်ဥက္ကလာပမြို့နယ်ရဲ့ နာမည်ကျော် မုန့်ဟင်းခါးဆိုင်တစ်ခုပါ။ (၄၅) နှစ်ကျော်သက်တမ်းရှိပြီး လမ်းဘေးဆိုင်လေးအဖြစ်စဖွင့်ခဲ့တာကနေ အခုတော့ ဆိုင်ကြီး (၂) ဆိုင် ဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်စွာ ရပ်တည်နေတဲ့မုန့်ဟင်းခါးဆိုင်တစ်ခုပါ။

မိဘတွေလက်ထက်ကတည်းက စတင်ခဲ့တဲ့ မုန့်ဟင်းခါးရောင်းတဲ့အလုပ်ကို သားသမီးတွေက လက်ဆင့်ကမ်းအမွေအဖြစ်  ထိန်းသိမ်းနိုင်ခဲ့တဲ့အပြင် မုန့်ဟင်းခါးရောင်းတဲ့ ဝင်ငွေတစ်ခုတည်းကနေပဲ အိမ်တွေ ကားတွေ ဝယ်နိုင်ခဲ့ပါတယ်။

“   မုန့်ဟင်းခါးအရည်ကို ငါးကျည်း၊ ငါးခူနဲ့ ငါးကြင်းတို့နဲ့ အရသာကောင်းအောင် အဓိကထား ချက်ပြုတ်တာ အခုချိန်ထိပါပဲ။ စကတည်းက လက်ရာမပြောင်းဘူး။  ကျွန်မတို့မှာ ဒီမုန့်ဟင်းခါးရောင်းတဲ့လုပ်ငန်းတစ်ခုပဲရှိတယ်။ဒီအလုပ်တစ်ခုတည်းနဲ့ပဲ အောင်မြင်အောင်ကြိုးစားရင်း အခြေကျလာတာပါပဲ။  ’’ လို့ ပဒေသာလမ်းဆုံမုန့်ဟင်းခါးဆိုင်မှ ဒေါ်ချိုက ဆိုပါတယ်။

ပဒေသာလမ်းဆုံမုန့်ဟင်းခါးဆိုင်တွေကတော့  တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းနဲ့ သုမင်္ဂလာလမ်းတို့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး တောင်ဥက္ကလာဘက်ရောက်တဲ့အခါ မြည်းစမ်းကြည့်ဖို့ ညွှန်းပေးလိုက်တာဖြစ်ပါတယ်။

စားသုံးသူတွေ အမြဲကြိတ်ကြိတ်တိုးနေတဲ့ ပညာလမ်းထိပ်အသုပ်ဆိုင်

တောင်ဥက္ကလာရဲ့ နာမည်ကြီး Street Food ဆိုင် လို့ ဆိုရရင် ပညာလမ်းထိပ်အသုပ်ဆိုင်ကိုပဲ ညွှန်းရမှာပါ။ စားသုံးသူတွေ အမြဲတမ်းတိုးမပေါက်အောင် စည်တဲ့ အသုပ်ဆိုင်လေးဖြစ်ပြီး မြန်မာ့ရိုးရာ လက်သုပ်စုံ အမျိုးအစားပေါင်း (၅၀) ကျော်နဲ့ တုပ်ထိုး (၂၃) မျိုးလောက်ရတာကြောင့် စားသုံးသူတွေ အတွက် ရွေးချယ်စရာများတာက ဒီဆိုင်ရဲ့ အားသာချက်ပါ။

လမ်းဘေးဆိုင်လေးအဖြစ်နဲ့ စတင်ခဲ့တဲ့ ဒီဆိုင်လေးဟာ (၁၅)နှစ်အကြာမှာတော့ နာမည်ကျော် Street Food ဆိုင်ဖြစ်လာတဲ့အပြင် ဆိုင်ကရတဲ့ ဝင်ငွေနဲ့ပဲ မိသားစုအတွက် အိမ်နှစ်လုံး၊ ကားနှစ်စီး ဝယ်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

“ စစရောင်းချင်းတုန်းကတော့ စားသလောက်ပဲ ရတာပေါ့နော်။ အခုကတော့ လုံလောက်တဲ့အပြင် ပိုလျှံတယ်။ အသုပ်လေးတွေ ရောင်းပြီးတော့မှ အိမ်နှစ်လုံး၊ ကားနှစ်စီးဝယ်ထားတယ်။ အခုဆိုင်မှာ ဝန်ထမ်းအယောက် (၂၀) ရှိတယ်။ နဂိုတည်းက အဆင်ပြေတဲ့မိသားစုကမဟုတ်တော့ လုပ်ငန်းတစ်ခုဖြစ်ပြီး မပျောက်ပျယ်သွားအောင် အမြဲတမ်းကြိုးစားတယ် ’’ ပညာလမ်းထိပ်အသုပ်ဆိုင်မှ မလင်းက ဆိုပါတယ်။

ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီး ၊သုမင်္ဂလာလမ်းမပေါ်၊ တကောင်းမှတ်တိုင်အနီး ဖွင့်လှစ်ထားတာဖြစ်ပြီး မနက် (၉) နာရီလောက်မှ ည (၇) နာရီလောက်အထိ ဖွင့်လှစ်ထားပါတယ်။

နေ့ပြန်တိုးယူတဲ့ဘဝကနေ ဆိုင်ခန်းပိုင်ရှင်ဖြစ်လာတဲ့ ဦးလေးကြီးဝက်ဆီဖတ်

တောင်ဥက္ကလာရဲ့ အစားအသောက်တွေအကြောင်းပြောရင် ဦးလေးကြီးဝက်ဆီဖတ် ဆိုင်လေးကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဦးလေးကြီးရဲ့ ဝက်ဆီဖတ်ရဲ့ သူများနဲ့မတူတဲ့အားသာချက်ကတော့ စားသုံးသူတွေအကြိုက်တွေ့စေတဲ့အရသာကို မူတည်ပြီး အရသာကိုပြုပြင်ပြောင်းလဲပေးပြီး ရောင်းတာပါ။ ကိုယ်တိုင်ကြော်ရောင်းတာဖြစ်ပြီး ဝက်ဆီဖတ်က စားလိုက်တာနဲ့ အီတာမျိုးမဖြစ်ဘဲဝက်သားရဲ့ အရသာကို ပေါ်လွင်နေတာပါ။

(၂၀၀၆) ခုနှစ်လောက်တုန်းက နန္ဒဝန်ဈေးရှေ့မှာ ဗန်းသေးသေးလေးနဲ့ စရောင်းခဲ့တဲ့ ဦးလေးကြီးဝက်ဆီဖတ်ဟာ အခုတော့ အဲ့ဒီနေရာလေးမှာပဲ နှစ်ထပ်အိမ်လေးနဲ့ ဆိုင်ခန်းကြီး ဖြစ်လာခဲ့ပါပြီ။

အရင်တုန်းကဆို ဒီနေ့ ရောင်းပြီး နောက်နေ့ပြန်ရင်းဖို့သူများဆီမှာ နေ့တိုးနဲ့ ချေးခဲ့ရတယ်။ နေ့သွင်းနဲ့ ဆိုတော့ ကိုယ်ရောင်းရသည် ဖြစ်ဖြစ် မရောင်းရသည်ဖြစ်ဖြစ် နေ့သွင်းတောင်းတဲ့သူတွေကို ပေးလိုက်ရနဲ့ အဲဒီလို ဘဝကနေ ဒီအခြေအနေလေးရောက်လာဖို့ ရုန်းကန်ခဲ့ရတာပါ” လို့ ဆိုပါတယ်။

ဦးလေးကြီး ဝက်ဆီဖတ်ကို မကြိုက်တဲ့သူ မရှိသလောက် ရှားပြီး စားဖူးသူတိုင်းလည်း နောက်တစ်ခါ ထပ်ဝယ်စားချင်စိတ်ဖြစ်လာအောင် အရသာက ဆွဲဆောင်ထားကာ ရန်ကုန်မြို့ ရဲ့နာမည်ကြီး ဝက်ဆီဖတ်ဖြစ်လာခဲ့ပါတယ်။ ဆိုင်ကိုတော့ လပြည့်နေ့တိုင်း ပိတ်ပြီး ဖုန်းဆက်မှာယူလိုပါက ဖုန်းနံပါတ် ၀၉၇၅၅၂၅၅၂၂၄၊၀၉၇၅၅၂၅၅၉၇၃ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

အနံ့နဲ့ ဆွဲဆောင်တဲ့ ဦးဝေဠု မလေးရှားငါးကင်

စားဖိုမှူးကြီး ဦးဝေဠုရဲ့ မလေးရှားငါးကင်ကတော့ နန္ဒဝန်ဈေးရှေ့က ဖြတ်သွားဖြတ်လာတွေကို အနံ့နဲ့ အမြဲဆွဲဆောင်နေတာပါ။ မလေးရှားစတိုင်ကင်ထားတဲ့ ဦးဝေဠုရဲ့ ငါးကင်ဆိုင်လေးက အမြဲဖောက်သည်တွေနဲ့ စည်ကားနေပါတယ်။ မလေးရှားနိုင်ငံမှာ (၁၅) နှစ်ခန့် စားဖိုမှူး လုပ်ခဲ့တဲ့အတွေ့အကြုံတွေကို အရင်းပြုပြီး ငါးကင် Street Food ဆိုင်လေးကို ဖွင့်လှစ်ခဲ့တာလို့ ဆိုရမှာပါ။

" စားနေကြငါးကင်တွေထက်တစ်မျိုးတော့ဖြစ်နေတာပေါ့။ မီးသွေးတွေနဲ့ကင်တဲ့ငါးကင်နဲ့ မတူဘဲနဲ့ ဌက်ပျောရွက်လေးနဲ့အပေါ်က အနှစ်ကလေးခင်း ငါးကင်လေးပေါ် အနှစ်ကလေးနဲ့အုပ် ပြီးရင် ဌက်ပျောရွက်လေးနဲ့ ဟိုဘက်ဒီဘက် ကင်တယ်။ ရုံးပတီသီးလေးတွေ ပဲသီးလေးတွေနဲ့ အနှစ်တွေနယ်ပြီး ငါးကင်အပေါ် တင်ပေးလိုက်တဲ့အခါ ဒါတစ်မျိုးပဲပေါ့ ဆိုပြီး စမ်းစားရင်းစားရင်း နဲ့ ဧည့်သည်ပိုပြီးတော့များလာတာပေါ့"ဆိုပြီး ကိုဝေဠုက သူ့ရဲ့ မလေးရှားစတိုင်ငါးကင်အကြောင်း အခုလို ပြောပြပါတယ်။

ဆိုင်သက်တမ်းက (၄) နှစ်ကျော်ပဲ ရှိသေးပေးမယ့် တစ်နေ့ကို ငါးအကောင်ရေ (၈၀) ကျော်လောက်ရောင်းရပြီး ပုဇွန်၊ဂဏန်းနဲ့ ရေဘဝဲတို့အပြင် မလေးရှားအစားအစာမျိုးစုံရတဲ့ ဆိုင်လေးပါ။ Chef Wai Lu မလေးရှားငါးကင်ဆိုင်ကတော့ တောင်ဥက္ကလာ နန္ဒဝန်စျေးလမ်းမပေါ် မှာတစ်ဆိုင်နဲ့ မြောက်ဒဂုံ ပင်လုံလမ်းမကြီး မဝတလမ်းဆုံမီးပွိုင့်အနီးမှာ တစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။

မြိတ်ဒေသစာ စစ်စစ်ရတဲ့ တောင်ဥက္ကလာက လင်းသင့်မြိတ်စားသောက်ဆိုင်

ဒီဆိုင်လေးကတော့ ဖွင့်ထားတာ (၄) လကျော်ဝန်းကျင်ပဲ ရှိသေးပေမယ့် မြိတ်အစားအစာစစ်စစ်ဖြစ်တဲ့အပြင် လက်ရာကောင်းတာကြောင့် လူကြိုက်များနေတဲ့ ဆိုင်လေးပါ။ မြိတ်အစားအစာစစ်စစ်လို့‌ ပြောနိုင်တာကတော့ ကတ်ကြေးကိုက်မှာသုံးတဲ့ မုန့်ဖတ်၊ ပအုံးရည်ကအစ မြိတ်ကမှာယူသလို ပင်လယ်စာ ရေထွက်ကုန်ဖြစ်တဲ့ ပြည်ကြီးငါး၊ ပုဇွန်၊ ကင်းမွန်တို့ကိုလည်း မြိတ်မြို့က တိုက်ရိုက်မှာယူတာဖြစ်ပါတယ်။

“ မြိတ်ကတ်ကြေးကိုက်ဆိုလည်း ကြော်တဲ့ အစ်မက မြိတ်မှာလည်း ကတ်ကြေးကိုက် ရောင်းတာဆိုတော့ ကြော်တဲ့သက်တမ်းက ၂၅ နှစ်လောက် ရှိပြီ။ ကတ်ကြေးကိုက်ကို စားတဲ့သူတိုင်း မြိတ်အရသာ စစ်စစ် ရတယ်လို့ ပြောကြတယ်။ အခုဆို မြိတ်စာစစ်စစ် စားချင်လို့ ဘယ်မှာရလဲမေးရင် ဒီဆိုင်ကို ညွှန်းကြတယ်” လို့ ဆိုင်ရှင် မမြတ်မြတ်အိက ဆိုပါတယ်။

ဒီဆိုင်မှာ နာမည်ကြီးပြီး အမှာများတဲ့အစားအသောက်တွေက မြိတ်ကတ်ကြေးကိုက်၊ ပြည်ကြီးငါးကောက်ညှင်းသွပ် တို့ ဖြစ်ပြီး မုန့်အချိုတွေဖြစ်တဲ့ သာခွေယိုင်၊ ဒူးရင်းသီး ကောက်ညှင်းအုန်းနို့တို့က လူကြိုက်များပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၈ နာ ရီမှ ည ၁၀ နာ ရီထိ ဖြစ်ပြီး ဆိုင်လိပ်စာကတော့ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် မေတ္တာလမ်းထောင့် မီးပွိုင့်ထိပ်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က