အာဖရိကနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုကို ပိတ်ပင်ထားမယ့်နိုင်ငံတွေ တိုးလာနိုင်ပါသေးတယ်

ယခုသီတင်းပတ်အစောပိုင်းက တောင်အာဖရိကမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်ခု တွေ့ရှိလာရပြီးနောက် ကမ္ဘာ့နိုင်ငံတွေက ခရီးသွားလာမှုကန့်သတ်ချက်တွေကို ပြန်တင်းကျပ်လာနေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ စင်ကာပူ၊ ဂျပန်၊ နယ်သာလန်၊ အီတလီ၊ ပြင်သစ်၊ အစ္စရေး၊ အိန္ဒိယနိုင်ငံတို့က တောင်အာဖရိကနဲ့ အိမ်နီးချင်းနိုင်ငံတွေမှ လေကြောင်းခရီးစဥ်တွေကို ပိတ်ပင်ခြင်းနဲ့ ပိုမိုတင်းကျပ်တဲ့ ကွာရန်တင်းစီမံဆောင်ရွက်မှုတွေကို အလျင်အမြန် လုပ်ဆောင်လာကြပါတယ်။ ထို့အတူ ဥရောပသမဂ္ဂကလည်း အာဖရိကဒေသတွင်း နိုင်ငံတွေမှ လေကြောင်းခရီးစဥ်တွေ ဥရောပနိုင်ငံများအားလုံးသို့ ဝင်ရောက်ခွင့်ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။



(Photo: Getty Images)

ကမ္ဘာ့နိုင်ငံတွေက တောင်အာဖရိက၊ ဘော့ဆွာနာ၊ နမီးဘီးယား၊ ဇင်ဘာဘွေ၊ အက်စ်ဝါတီနီ (ယခင် ဆွာဇီလန်)၊ လီဆိုသိုနိုင်ငံတွေမှ လေကြောင်းခရီးစဥ်တွေကို အဓိက ပိတ်ပင်လိုက်ကြတာ ဖြစ်ပါတယ်။ စင်ကာပူ၊ အီတလီ၊ ပြင်သစ်နဲ့ အစ္စရေးတို့က‌တော့ ဇင်ဘာဘွေမှ လေကြောင်းခရီးစဥ်တွေကိုပါ ပိတ်ပင်လိုက်ကြကြောင်း သိရပါတယ်။

လက်ရှိအခြေအနေအရ အာဖရိကနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုကို ပိတ်ပင်ထားမယ့်နိုင်ငံတွေ တိုးလာနိုင်ပါသေးတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ ခရီးသွားလာမှု ပိတ်ပင်ကန့်ချက်လိုက်တဲ့ နိုင်ငံတွေအနေနဲ့ အန္တရာယ်ရှိမှုအပေါ် အခြေခံပြီး သိပ္ပံနည်းကျ ချဥ်းကပ်မှုမျိုး ဆောင်ရွက်သင့်တယ်လို့ သတိပေးခဲ့ကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

တောင်အာဖရိကမှာတွေ့ရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်အကြောင်း လေ့လာရန် များစွာကျန်ရှိနေသေးပေမဲ့ ၎င်းတို့အနေနဲ့ ထိုဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ ယခုဗိုင်းရပ်စ်အသစ်ရဲ့ သက်ရောက်မှုကို နားလည်သိရှိရန် ရက်သတ္တပတ်အနည်းငယ်ကြာမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဗိုင်းရပ်စ်အသစ်က မည်မျှကူးစက်နိုင်ကြောင်းကို သိရှိသတ်မှတ်ရန် သိပ္ပံပညာရှင်တွေက လုပ်ဆောင်နေကြကြောင်း WHO က ဆိုပါတယ်။

B.1.1.529 လို့ခေါ်ဝေါ်ကြတဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေကို တောင်အာဖရိကရှိ ပြည်နယ်တစ်ခုမှာသာ အများစု တွေ့ရှိနေရဆဲ ဖြစ်ပါတယ်။ တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့ ဗီဇပြောင်းဗိုင်းရပ်စ်ဟာ အလွန်ကြီးမားစွာ ပြောင်းလဲမှုရှိတဲ့ ဗိုင်းရပ်စ်အသစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

(Photo: Reuters)

ဗိုင်းရပ်စ်ဟာ ပုံမှန်မဟုတ်တဲ့ ဗီဇပြောင်းလဲမှုများရှိကြောင်းနဲ့ ကမ္ဘာမှာ ပျံ့နှံ့နေခဲ့တဲ့ အခြား ဗီဇပြောင်းဗိုင်းရပ်စ်တွေနဲ့ အလွန်ကွဲပြားခြားနားကြောင်း တောင်အာဖရိကရှိ Centre for Epidemic Response and Innovation ရဲ့ ညွှန်ကြား‌ရေးမှူး ပါမောက္ခ Tulio de Oliveira က ပြောပါတယ်။

ယခုဗိုင်းရပ်စ်အသစ်ဟာ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ပထမဆုံးတွေ့ရှိခဲ့ရတဲ့ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ သိသိသာသာ ကွဲပြားခြားနားနေခြင်းက စိုးရိမ်စရာဖြစ်ပြီး မူလဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေဟာ ယခုဗိုင်းရပ်စ်အတွက် ထိရောက်မှုမရှိနိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

နောက်ဆုံးသတင်းတွေအရ WHO က တောင်အာဖရိကမှာ တွေ့ရှိရတဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကို အိုမစ်ခရွန် (Omicron) လို့ အမည်ပေးလိုက်ပြီး 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က