တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်ခဲ့တာပါ။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဟာ မက်ဆီကို ဘောလုံးလောကရဲ့ ခေါင်းဆောင်တဦးအဖြစ် အသိအမှတ်ပြုကာ ချီးကျူးဂုဏ်ပြုလိုက်ပြီဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မနေ့ညက တောင်အမေရိကက အောင်ပွဲခံအခမ်းအနားကျင်းပခဲ့ကာ မက်ဆီကို ဂုဏ်ပြုသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ ပြီးခဲ့တဲ့ ၃နှစ်အတွင်းမှာ လက်ရွေးစင်အသင်းအတွက် ဆုဖလား ၃လုံးအထိ ဆွတ်ခူးနိုင်ခဲ့ကာ ကိုပါအမေရိက၊ ဥရောပချန်ပီယံနဲ့ တောင်အမေရိကချန်ပီယံတို့ကစားခဲ့တဲ့ Finalissima ဖလားနဲ့ ကမ္ဘာ့ဖလားတို့ဖြစ်ပါတယ်။ 

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဌ အလီယန်ဒရိုဒိုမင်ဂွက်ဇ်က မက်ဆီကို အခမ်းအနားစင်မြင့်ထက်မှာ တုတ်တံတချောင်းချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနောက်မှာ သူက "တောင်အမေရိကဘောလုံးလောက၊ ကမ္ဘာ့ဘောလုံးလောကကိုယ်စား ဒီနေ့မှာ မင်းကို ခေါင်းဆောင်မှုနဲ့ အမိန့်ပေးမှုကို ပေးအပ်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါဟာ တောင်အမေရိကဘောလုံးသမိုင်းမှာတော့ မက်ဆီတဦးတည်းသာ ပေးအပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

နောက်ထပ်ဂုဏ်ပြုမှုအဖြစ် မက်ဆီရဲ့ ကမ္ဘာ့ဖလားကိုင်ဆောင်ထားတဲ့ ရုပ်ထုကိုလည်း ပြင်ပအရွယ်အစားအတိုင်း ထုလုပ်သွားမှာဖြစ်ပြီး တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရုံးစိုက်တဲ့ ပါရာဂွေးနိုင်ငံ၊ အဆန်စီယွန်မြို့မှာ ထားရှိသွားမယ်လို့လည်း ကြေညာခဲ့ပါတယ်။ မက်ဆီအတွက်တော့ အဆုံးစွန်ထိ ချီးမွမ်းဂုဏ်ပြုခံခဲ့ရတာဖြစ်ပြီး တော်တော်လေးကို ဂုဏ်ယူစရာကောင်းတဲ့ ညတညဖြစ်ခဲ့ပါတယ်။ 


ဒိုမင်ဂွက်ဇ်က "မင်းဆီမှာ မရှိတော့တာ ကိုပါလီဘာတေးဒိုးစ်ဖလားပဲ ကျန်တော့တယ်" လို့ ပြောဆိုခဲ့ပြီး မက်ဆီကို တောင်အမေရိကမှာ ပြန်လည်ကစားဖို့အတွက် အရိပ်အမြွက်လည်း ပြောဆိုခဲ့ပါတယ်။ အဆိုပါဖလားကတော့ တောင်အမေရိကရဲ့ ချန်ပီယံလိဂ်လို့ နာမည်ကျော်ကြားပြီး မက်ဆီဟာ ၂၀၀၀ ပြည့်နှစ်တုန်းက နယူးဝဲလ်အိုးဘွိုင်းအတွက် ကစားစဉ်ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က