တောင်ကိုရီးယားရဲ့ နိုင်ငံသားတွေ အသက်ရေတွက်မှုမှာ ပုံမှန်မဟုတ်တဲ့ ရိုးရာနည်းလမ်းကို တရားဝင်ဖျက်သိမ်းအပြီးမှာ ဆွန်ဟောင်မင်က အသက် ၁ နှစ် ပြန်ငယ်သွားခဲ့ပါပြီ။ ဒီအသက်ရေတွက်နည်းကို ဖျက်သိမ်းဖို့ သမ္မတ Yoon Suk Yeol က ဒီဇင်ဘာလအတွင်းမှာ အတည်ပြုပြဌာန်းခဲ့တာပါ။
ဒီအမိန့်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အသက်ဝင်ခဲ့ပြီဖြစ်ပြီး ကိုရီးယားနိုင်ငံသားတွေအားလုံးကို အသက် ၁ နှစ် ဒါမှမဟုတ် ၂ နှစ် ပြန်ငယ်စေခဲ့ပါတယ်။ သူတို့ရဲ့ ရိုးရာအသက်တွက်နည်းမှာဆိုရင် မွေးပြီးပြီးချင်းပဲ အသက် ၁ နှစ်လို့ မှတ်ယူတာပါ။ နှစ်တနှစ်ရဲ့ ဇန်နဝါရီရောက်တိုင်းမှာ သူတို့က အသက် ၁ နှစ်ကြီးတယ်လို့ သတ်မှတ်တာကြောင့် ဒီဇင်ဘာမှာ မွေးဖွားတဲ့သူတွေဟာ အသက် ၂ နှစ်လို့ မှတ်ယူခံခဲ့ရတာဖြစ်ပါတယ်။
ဒီလိုတွေကြောင့် တောင်ကိုရီးယားက ရိုးရာနည်းလမ်းနဲ့ နိုင်ငံတကာစနစ်ကြားမှာ ရှုပ်ထွေးမှုတွေရှိခဲ့ပြီး ဒါတွေကိုလျှော့ချနိုင်ဖို့အတွက် နိုင်ငံတကာစနစ်ကိုပဲ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဆွန်ဟောင်မင်အနေနဲ့ တောင်ကိုရီးယားမှာဆိုရင် လက်ရှိအသက်အရွယ်ထက် ၁ နှစ် ပြန်ငယ်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာတော့ သူ့ရဲ့ အသက်ကတော့ ပုံမှန်အတိုင်းသာ လက်ခံထားတာဖြစ်လို့ အပြောင်းအလဲမရှိပါဘူး။
ဒါပေမယ့် သူက နိုင်ငံတကာစနစ်အရဆိုရင် ဇူလိုင်လ ၈ ရက်၊ ၁၉၉၂ ခုနှစ်မှာ မွေးဖွားတာဖြစ်လို့ အသက် ၃၀ အရွယ်ဖြစ်ပြီး လာမယ့်လအတွင်းမှာ အသက် ၃၁ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ဒီလိုမျိုး အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် စပါးကတော့ နိုင်ငံတကာစနစ်နဲ့ မွေးသက္ကရာဇ်နဲ့သာ ကစားသမားကို မှတ်ပုံတင်ထားတာဖြစ်လို့ အချက်အလက်တွေ ပြောင်းလဲစရာလိုမှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။