တောင်ကိုရီးယားအတွက် သမိုင်းဝင်တဲ့ လွှင့်တင်မှု ဖြစ်လာပါတယ်

ကမ္ဘာပေါ်က ကိုယ်ပိုင်နည်းပညာနဲ့ ဂြိုလ်တုလွှင့်တင်နိုင်တဲ့ နိုင်ငံတွေထဲမှာ တောင်ကိုရီးယားဟာ ၁၀ နိုင်ငံမြောက် ဖြစ်လာပါတယ်။ 

 



ဒီတစ်ပတ် အင်္ဂါနေ့မှာပဲ တောင်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ ဒုံးကျည်တစ်စင်းသုံးပြီး ဂြိုလ်တုလွှင့်တင်မှု အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အခုလို လွှင့်တင်နိုင်ခြင်းဟာ မြင့်မားလာတဲ့ အာကာသဆိုင်ရာ ရည်မှန်းချက်တွေကို အရှိန်ရစေသလို ပြိုင်ဘက် မြောက်ကိုရီးယားကို တန်ပြန်နိုင်မယ့် တာဝေးပစ်မစ်ဆိုင်းလက်နက်ကြီးတွေ တည်ဆောက်ဖို့နဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေ လွှင့်တင်ဖို့ လိုအပ်တဲ့ အဓိကနည်းပညာကြီးတွေ ပိုင်ဆိုင်နေပြီ ဖြစ်ကြောင်း သရုပ်ပြရာလည်း ရောက်ပါတယ်။ 



ကိုရီးယားအာကာသသုတေသနဆိုင်ရာ အင်စတီကျူ့ဒ် KARI ရဲ့ မက်ထရစ်တန် ၂၀၀ Nuri ဒုံးကျည်ကို က်ိုရီးယား အာကာသလွှင့်တင်ရေးယာဉ်အမှတ် ၂ (KSLV-II) လို့လည်း ခေါ်ပါတယ်။ ၁၅၄ ပေ ရှည်ပြီး အဆင့် ၃ ဆင့်ပါ Nuri ဒုံးကျည်ဟာ ထောက်လှမ်းစမ်းသပ်မှုတွေအတွက် အလုပ်လုပ်မယ့် ဂြိုလ်တုတစ်စင်းနဲ့ ပုံတူသရုပ်ပြ Dummy မော်ဒယ် ဂြိုလ်တုတစ်စင်းကို မြေပြင်အထက် ၄၃၅ မိုင်မှာ ရှိတဲ့ ကမ္ဘာပတ်လမ်းထဲကို ပို့ဆောင်ပေးခဲ့တယ်လို့ KARI က ထုတ်ပြန်ပါတယ်။ 

KARI အင်စတီကျူ့ဒ်ရှိရာ South Jeolla ခရိုင် ဂိုဟွမ်ကနေ လွှင့်တင်ခဲ့တဲ့ ဒီလွှင့်တင်မှုဟာ တောင်ကိုရီးယားအတွက် သမိုင်းဝင်တဲ့ လွှင့်တင်မှု ဖြစ်လာပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၃ ခုနှစ်က ဂြိုလ်တုတစ်စင်းကို ကမ္ဘာပတ်လမ်းထဲ ပထမဆုံး လွှင့်တင်ခဲ့တာပါ။ အဲ့ဒီဂြိုလ်တုကတော့ ရုရှားနဲ့ ပေါင်းပြီး Naro Rocket မစ်ရှင်ကနေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုတစ်ကြိမ်ဟာ Nuri ရဲ့ ဒုတိယအကြိမ် လွှင့်တင်မှု ဖြစ်ပြီး ပထမဆုံးအကြိမ် လွှင့်တင်မှုမှာ အောင်မြင်ခဲ့ခြင်း မရှိပါဘူး။ ၂၀၂၁ အောက်တိုဘာလက ကနဦး စမ်းသပ်လွှင့်တင်မှု လုပ်ရာမှာ Dummy ဂြိုလ်တုကို အာကာသထဲ တွန်းသွားတဲ့ Nuri ဟာ အောက်ဆီဒိုက်ဆာကန် ပျက်စီးပြီး ကမ္ဘာပတ်လမ်းထဲ မရောက်ခင် လောင်စာပြတ်သွားခဲ့တဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ 


ဒုတိယအကြိမ် Nuri ဒုံးကျည်ရဲ့ အောင်မြင်မှုဟာ တောင်ကိုရီးယားရဲ့ အာကာသပျံသန်းမှုဆိုင်ရာ ကြိုးပမ်းချက်တွေ အကြီးအကျယ်တိုးချဲ့မို့ ပထမခြေလှမ်းလို့ ဆိုနိုင်ပါတယ်။ အာဏာပိုင်တွေဟာ ၂၀၂၃ နဲ့ ၂၀၂၇ ခုနှစ်အတွင်း Nuri စမ်းသပ်လွှင့်တင်မှု ၄ ကြိမ် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဒုံးကျည်စမ်းသပ်လွှင့်တင်မှုမှာ သယ်သွားမယ့် အလုပ်လုပ်နိုင်မယ့် စုံစမ်းထောက်လှမ်းနိုင်မယ့် ဂြိုလ်တုတွေဟာ မြောက်ကိုရီးယားကို စောင့်ကြည့်ရေးမှာပါ သုံးနိုင်ဖို့ ရှိပါတယ်။

တောင်ကိုရီးယားဟာ ၂၀၃၀ အစောပိုင်းကာလတွေမှာ ပိုအားကောင်းတဲ့ ဒုံးကျည်တွေနဲ့ လူမဲ့ လဆင်းယာဉ် Moon Lander တစ်ခုပါ တည်ဆောက်ဖို့ စီမံကိန်းချထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က