တောင်ကိုရီးယားနိုင်ငံမှာ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ကူးစက်မှုများ ပထမဆုံးအကြိမ် တွေ့ရှိလာရကြောင်းနဲ့ နေ့အလိုက် ကူးစက်မှုဟာလည်း ပထမဆုံးအကြိမ်အဖြစ် ၅,၀၀၀ ကျော် ဖြစ်လာခဲ့ကြောင်း တာဝန်ရှိသူတွေက ယနေ့ (ဒီဇင်ဘာ ၁ ရက်) ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံမှ ရောက်ရှိလာခဲ့တဲ့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသား စုံတွဲတစ်တွဲကို စစ်ဆေးရာမှာ အိုမီခရွန်ဗိုင်းရပ်စ်အသစ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ထို့နောက် ၎င်းတို့ရဲ့ မိသားစုဝင် ၂ ဦးနဲ့ မိတ်ဆွေတစ်ဦးတို့မှာလည်း အိုမီခရွန်ကူးစက်မှု တွေ့ရှိခဲ့ရတယ်လို့ KCDC (Korea Disease Control and Prevention Agency) က ထုတ်ပြန်ပါတယ်။
(Photo: AP)
တောင်ကိုရီးယားမှာ COVID-19 လက္ခဏာပြင်းထန်တဲ့ လူနာအရေအတွက်ကလည်း လတ်တလော မြင့်တက်နေတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ ယနေ့ထုတ်ပြန်ချက်အရ COVID-19 ကူးစက်ခံရသူ ၅,၁၂၃ ဦး တွေ့ရှိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် တောင်ကိုရီးယားမှာ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ အသစ်တွေ့ရှိလာရတဲ့ အိုမီခရွန်ဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် နောက်ထပ် ကန့်သတ်ချက်များဖြေလျှော့ပေးမယ့် အစီအစဥ်ကို တောင်ကိုရီးယားအစိုးရက တနင်္လာနေ့ (နိုဝင်ဘာ ၂၉ ရက်) မှာ ရပ်ဆိုင်းလိုက်ပါတယ်။
(Photo: Reuters)
တောင်ကိုရီးယားမှာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပပြုလုပ်ရန် စီစဥ်ထားပြီး လူ ၇၀၀ ကျော် တက်ရောက်ဖွယ်ရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ယခုအခါ အွန်လိုင်းကနေသာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားမှာ အရွယ်ရောက်ပြီး လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းနီးပါးဟာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာ အစိုးရက ကလေးတွေကို ကာကွယ်ဆေးထိုးရန်နဲ့ booster shot အစီအစဥ်ကို အဓိကထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သို့သော် ကျွမ်းကျင်သူတွေကတော့ ကာကွယ်ဆေးမထိုးရသေးသူတွေမှာ ကူးစက်ခံရမှုကနေ ကိုယ်ခံစွမ်းအားရရှိတဲ့အချိန်အထိ ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
(Photo: Reuters)
"အာဏာပိုင်တွေအနေနဲ့ ခပ်ခွာခွာနေရမယ့် စည်းမျဥ်းတွေ ပြန်လည်သတ်မှတ်ဆောင်ရွက်ပြီး ကူးစက်မှုအရေအတွက်ကို လျှော့ချနိုင်ပါတယ်" လို့ Gachon တက္ကသိုလ်မှ ပါမောက္ခ Jung Jae-hun က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံရှိ ဆေးရုံတွေမှာ COVID-19 ရောဂါပြင်းထန်တဲ့ လူနာ ၇၂၃ ဦးကို ကုသပေးနေခဲ့ကြောင်းနဲ့ ထိုအရေအတွက်ဟာ စံချိန်တင်အရေအတွက်လို့ ဆိုပါတယ်။
ဆိုးလ်မြို့တော်ဧရိယာအတွင်းရှိ ဆေးရုံတွေရဲ့ အထူးကြပ်မတ်ကုသဆောင် ၉၀ ရာခိုင်နှုန်းနီးပါးမှာ လူနာများပြည့်နေပြီး လူနာ ၈၄၂ ဦးဟာ အထူးကြပ်မတ်ကုသဆောင်မှာ တက်ရောက်ရန် စောင့်ဆိုင်းနေရပါတယ်။ ကိုရီးယားဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (Korean Medical Association) က အစိုးရအနေနဲ့ ကုသမှုနေရာတွေ စီစဥ်ပေးရန်နဲ့ အန္တရာယ်မြင့်မားတဲ့ လူနာတွေကို ပြင်းထန်တဲ့ရောဂါလက္ခဏာများ မဖြစ်ပေါ်မီ ပဋိပစ္စည်းကုထုံး (antibody treatment) ဖြင့် ကုသခွင့်ပြုရန် တိုက်တွန်းခဲ့ပါတယ်။
(Photo: Reuters)
လာမယ့် ဒီဇင်ဘာလလယ်ပိုင်းမှာ အနည်းဆုံး နောက်ထပ် လူနာ ၁,၃၀၀ ကို လက်ခံကုသပေးနိုင်ရန် ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးနဲ့ ဘေးကင်းလုံခြုံမှု ဝန်ကြီး Jeon Hae-cheol က COVID-19 ဆိုင်ရာ အစည်းအဝေးမှာ ပြောပါတယ်။ အင်္ဂါနေ့ (နိုဝင်ဘာ ၃၀ ရက်) အထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ ကပ်ရောဂါကူးစက်ခံရသူ ၄၅၂,၃၅၀ ဦးနဲ့ သေဆုံးသူ ၃,၆၅၈ ဦးရှိခဲ့ပါတယ်။ လတ်တလောမှာ ဆေးရုံတက်ရတဲ့ လူနာအရေအတွက် မြင့်တက်လာပေမဲ့ သေဆုံးမှုနှုန်းကတော့ ၀.၈၁ ရာခိုင်နှုန်းအဖြစ် နိမ့်နေသေးကြောင်း KDCA အချက်အလက်တွေက ဖော်ပြထားပါတယ်။
အိုမီခရွန်ကူးစက်မှုတွေ့ရှိထားတဲ့ နေရာများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက (World Health Organization - WHO) က 'စိုးရိမ်စရာ' အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝန်း ကူးစက်မှုမြင့်တက်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ပြောထားတဲ့ အိုမီခရွန်ဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ့ရတဲ့ နိုင်ငံနဲ့နယ်မြေ အရေအတွက်ဟာ ဒီဇင်ဘာ ၁ ရက်နေ့အထိ ၂၅ ခုရှိလာပြီလို့လည်း သိရပါတယ်။
တောင်အာဖရိက၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘော့ဆွာနာ၊ ဘရာဇီး၊ ချက်ရီပတ်ဘလစ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ နယ်သာလန်၊ နိုင်ဂျီးရီးယား၊ တောင်ကိုရီးယား၊ နော်ဝေ၊ ပေါ်တူဂီ၊ ဆော်ဒီအာရေဗျ၊ ဗြိတန်၊ အမေရိကန်၊ စပိန်နဲ့ ဆွီဒင်တို့မှာ အိုမီခရွန်ကူးစက်မှုများ တွေ့ရှိထားပါတယ်။