တောင်ကိုရီးယား လူဦးရေရဲ့ ၇၈.၅ ရာခိုင်နှုန်းက ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး ဖြစ်ပါတယ်

တောင်ကိုရီးယားနိုင်ငံမှာ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေ ကြိုတင်ခန့်မှန်းထားခဲ့တဲ့အတိုင်း COVID-19 ကူးစက်မှုတွေ မြင့်တက်လာနေရာ ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်ချက်အရလည်း ကူးစက်မှုအသစ် စံချိန်တင်အရေအတွက် တိုးလာခဲ့ကြောင်း သိရပါတယ်။

ယနေ့ Disease Control and Prevention Agency (KDCA) က ထုတ်ပြန်ချက်အရ တောင်ကိုရီးယားမှာ ကူးစက်မှုအသစ် ၃,၂၉၂ ခု တိုးလာခဲ့ပြီး အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ၎င်းရဲ့ "COVID-19 နဲ့အတူ နေထိုင်ခြင်း" အစီအစဥ် ပထမအဆင့်အရ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပါတယ်။



လူအချင်းချင်း ခပ်ခွာခွာနေကြရမယ့် စည်းမျဥ်းကန့်သတ်ချက်တွေကို ယခုလအစောပိုင်းမှာ ပယ်ဖျက်လိုက်ပြီးနောက် ကူးစက်မှုမြင့်တက်လာမယ်လို့ တာဝန်ရှိသူတွေနဲ့ ကျွမ်းကျင်သူတွေက ကြိုတင်ခန့်မှန်းထားခဲ့ကြပါတယ်။ တောင်ကိုရီးယားရဲ့ လူဦးရေ ၅၂ သန်းမှာ ၇၀ ရာခိုင်နှုန်း COVID-19 ကာကွယ်ဆေးထိုးပြီးရန် ရည်မှန်းချက်ကို ကျော်လွန်ခဲ့ပြီးနောက် အစိုးရက စည်းမျဥ်းကန့်သတ်ချက်တွေကို စတင်ဖြေလျှော့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: Reuters)

ယခုအခါ တောင်ကိုရီးယား လူဦးရေရဲ့ ၇၈.၅ ရာခိုင်နှုန်းက ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ကာ ၎င်းတို့အနက် အရွယ်ရောက်ပြီးသူ ၉၀ ရာခိုင်နှုန်းကျော် ပါဝင်ပါတယ်။ ပြင်းထန်တဲ့ COVID-19 ကူးစက်မှုတွေဟာ ကူးစက်ထိခိုက်လွယ်တဲ့ သက်ကြီးရွယ်အိုကဲ့သို့ အသက်အရွယ်အုပ်စုတွေကို ကာကွယ်ဆေးထိုးအစီအစဥ်မှာ စောစီးစွာ ထိုးပေးခဲ့ခြင်းရဲ့ သက်ရောက်မှုလို့လည်း KDCA က ဆိုပါတယ်။ ယနေ့ ထုတ်ပြန်ချက်အရ ပြင်းထန်တဲ့ ကူးစက်မှု ၅၀၆ ခုရှိခဲ့ပြီး လွန်ခဲ့တဲ့ရက်မှာ ၅၂၂ ခုဖြင့် အမြင့်ဆုံးဖြစ်ခဲ့ရာမှ အနည်းငယ်လျော့ကျလာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ COVID-19 ကူးစက်မှုတွေ တစ်ဟုန်ထိုး မြင့်တက်လာတာကြောင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား အသက် ၆၀ နှစ်နဲ့အထက် အသက်အရွယ်အုပ်စု၊ ပြုစုစောင့်ရှောက်ရေးဂေဟာတွေနဲ့ အခြား ကူးစက်လွယ်တဲ့နေရာတွေမှာ နေထိုင်သူတွေ သို့မဟုတ် အလုပ်လုပ်ကိုင်သူတွေကို ကာကွယ်မှုစွမ်းအားမြှင့်တင်ရန် booster shot ခေါ် ကာကွယ်ဆေးထပ်ထိုးရမယ့် အစီအစဥ်ကို ယခင် ၆ လအကြာမှာ ဆောင်ရွက်ရန် သတ်မှတ်ထားခဲ့မှုအစား ၄ လအဖြစ် လျှော့ချရန် ဆုံးဖြတ်လိုက်ကြောင်း KDCA က ယမန်နေ့ (နိုဝင်ဘာ ၁၇ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားမှာ KDCA ရဲ့ ယခင် သတ်မှတ်ချက်အရ COVID-19 ကာကွယ်‌ဆေး နှစ်ကြိမ်ထိုးထားပြီးသူတွေဟာ ၆ လအကြာမှာ ကာကွယ်မှုစွမ်းအားမြှင့်တင်ရန် တတိယအကြိမ် ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ဆိုးလ်မြို့တော်ဧရိယာဝန်းကျင်ရှိ ဆေးရုံတွေမှာ လူနာကုတင်များ အလျင်အမြန် ပြည့်သွားခဲ့ကြောင်းနဲ့ အထူးကြပ်မတ်ကုသဆောင်တွေ (intensive care unit - ICU) မှာလည်း ယမန်နေ့အထိ ၃၀ ရာခိုင်နှုန်းခန့်သာ ကုတင်လွတ်ကျန်ရှိတော့ကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးမှာ ICU လူနာကုတင် ၇၅ ရာခိုင်နှုန်းကျော် အသုံးပြုလာရပါက ခပ်ခွာခွာနေရမယ့်စည်းမျဥ်းများ ဖြေလျှော့ပေးထားခြင်းကို ကန့်သတ်ချက်ပြန်ထုတ်ရန် စဥ်စားသွားမယ်လို့ KDCA က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က