ရောဂါပြင်းထန်တဲ့ အရေးပေါ် လူနာဦးရေဟာလည်း စတုတ္တလှိုင်းကူးစက်မှု စတင်ခဲ့ချိန်နောက်ပိုင်း အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်

တောင်ကိုရီးယားနိုင်ငံရဲ့ နေ့အလိုက် COVID-19 ကူးစက်မှုအသစ်တွေ့ရှိရမှုဟာ နိုဝင်ဘာ ၂၃ ရက်နေ့မှာ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်လာပါတယ်။

လက်တလော ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာတာကြောင့် COVD-19 နဲ့အတူ ယှဥ်တွဲနေထိုင်ခြင်း မူဝါဒအရ နိုဝင်ဘာ ၁ ရက်နေ့မှစပြီး စည်းမျဥ်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့တဲ့ တောင်ကိုရီးယားအစိုးရဟာ ယခုအခါ အရေးပေါ် COVID-19 တုံ့ပြန်ရေးအစီအစဥ် သတ်မှတ်ဆောင်ရွက်ရန် စဥ်းစားနေကြောင်း Yonhap သတင်းဌာနက ပြောပါတယ်။



(ဝန်ကြီးချုပ် Kim Boo-kyum) (Photo: AP)

တောင်ကိုရီးယားဝန်ကြီးချုပ် Kim Boo-kyum က ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းခဲ့ပြီး နိုင်ငံဟာ ပုံမှန်အခြေအနေကို ပြန်သွားနေစဥ် ပထမဆုံး အခက်အခဲကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား လူဦးရေ ၅၂ သန်းရဲ့ ထက်ဝက်ခန့် နေထိုင်ကြတဲ့ ဆိုးလ်မြို့တော်ဧရိယာဟာ ကူးစက်မှုတွေမြင့်တက်နေပြီး အရေးပေါ်အခြေအနေဖြစ်နေကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်‌ရေးဌာန (Korea Disease Control and Prevention Agency - KDCA) က ယနေ့ ထုတ်ပြန်ချက်အရ ယမန်နေ့မှာ နိုင်ငံတွင်း COVID-19 ကူးစက်မှုအသစ် ၄,၁၁၅ ခု စစ်ဆေးတွေ့ရှိရပြီး ယမန်နှစ် ဇန်နဝါရီလအတွင်း ပထမဆုံ ကူးစက်မှုတွေ့ရပြီးနောက် နေ့အလိုက် ကူးစက်မှု အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

(Photo: Yonhap / EPA)

ယမန်နေ့က ကူးစက်မှုအသစ်တွေအနက် ၄,၀၈၈ ခုဟာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်းလည်း သိရပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၂၅,၀၆၅ ဦးရှိပြီ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် သေဆုံးသူဟာလည်း ယနေ့စာရင်းအရ နောက်ထပ် ၃၄ ဦး တိုးလာခဲ့ပြီး စုစုပေါင်း သေဆုံးသူအရေအတွက် ၃,၃၆၂ ဦး ဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ COVID-19 ရောဂါပြင်းထန်တဲ့ အရေးပေါ် လူနာဦးရေဟာလည်း ယမန်နေ့မှာ ၅၈၆ ဦးရှိလာခဲ့ရာ ဇူလိုင်လအတွင်း စတုတ္တလှိုင်းကူးစက်မှု စတင်ခဲ့ချိန်နောက်ပိုင်း အမြင့်ဆုံး စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေတွေအရ အစိုးရက မူလစီစဥ်ထားခဲ့တဲ့အတိုင်း လာမယ့် ဒီဇင်ဘာလလယ်မှာ ကပ်ရောဂါစည်းမျဥ်းကန့်သတ်ချက်များ ဒုတိယအဆင့် ဖြေလျှော့ပေးရေး ဖြစ်နိုင်ဖွယ်မရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။

(Photo: Kyodo)

တောင်ကိုရီးယားအစိုးရဟာ ကူးစက်မှုတွေမြင့်တက်နေတာကြောင့် ဆေးရုံကုတင်များ လုံလောက်မှုရှိစေရန် ရုန်းကန်နေရပြီး အထူးသဖြင့် ဆိုးလ်မြို့တော်ဧရိယာအတွင်း ကူးစက်မှုနဲ့ ရောဂါပြင်းထန် အရေးပေါ် လူနာအရေအတွက် သိသာစွာ မြင့်တက်နေပြီး စိုးရိမ်စရာအခြေအနေ ဖြစ်နေပါတယ်။ နိုဝင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ စာရင်းအချက်အလက်တွေအရ ဆိုးလ်မြို့နဲ့ အနီးပတ်ဝန်းကျင်ဧရိယာအတွင်း ရောဂါပြင်းထန် လူနာတွေအတွက် ဆေးရုံကုတင် ၈၃.၃ ရာခိုင်နှုန်း ပြည့်နေပြီလို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးသူ စုစုပေါင်း ၄၂.၃၂ သန်းရှိရာ နိုင်ငံလူဦးရေရဲ့ ၈၂.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ နိုင်ငံလူဦးရေရဲ့ ၇၉.၁ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၄၀.၆၃ သန်းကတော့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က