စပါးအတွက် ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီမှာ သွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူကာ ရွှေဖိနပ်ဆုဆွတ်ခူးခဲ့တဲ့ တောင်ကိုရီးယားကစားသမားဆွန်ဟောင်မင်ကို တောင်ကိုရီးယားသမ္မတဖြစ်သူကိုယ်တိုင်ချီးကျူးစကားဆိုလိုက်ပြီဖြစ်ပါတယ်။ သမ္မတ Yoon Suk-yeol က ဂုဏ်ပြုစကားပြောဆိုခဲ့တာဖြစ်ပြီး စပါးဟာ လာမယ့်ရာသီအတွက် ရာသီကြိုခြေစမ်းပွဲအဖြစ် ဆီဗီလာနဲ့ပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဆူဝမ်မြို့မှာ ကစားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
ဆွန်ဟာ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုကို ပထမဆုံးဆွတ်ခူးတဲ့ အာရှသားအဖြစ်မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ အာရှဘောလုံးအသိုင်းအဝိုင်းတခုလုံးက ဂုဏ်ပြုရမယ့် ရွှင်လန်းဖွယ်ရာအချိန်အခါလို့လည်း သမ္မတက ဆိုပါတယ်။ တောင်ကိုရီးယားအတွက်လည်း ကြီးမားတဲ့ ဂုဏ်ယူစရာအောင်မြင်မှုတခုအဖြစ် ရှိနေခဲ့တာလည်းဖြစ်ပါတယ်။
သမ္မတ Yoon က "ဒီဆုက မင်းရဲ့ မင်းအသင်းအတွက် တရာသီလုံးမြုပ်နှံပြီး အလုပ်တွေလုပ်ခဲ့ပေးပြီးနောက် စိတ်အားထက်သန်မှုရဲ့ ရလဒ်လို့ ငါ ယုံကြည်ပါတယ်" လို့ ဖေ့ဘွတ်ခ်မှာ ပို့စ်တင်ပြီးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကပ်ရောဂါကာလအတွင်းမှာ ဆွန်ရဲ့ အောင်မြင်မှုက တောင်ကိုရီးယားအတွက် မျှော်လင့်ချက်မက်ဆေ့ချ်တခုလို့လည်း သူက တင်စားခဲ့ပြီး လာမယ့်ကမ္ဘာ့ဖလားမှာ တောင်ကိုရီးယားကို ဆွန် ဦးဆောင်ပြီးကစားမှာကိုလည်း သူ စောင့်ကြည့်သွားမယ်လို့ သမ္မတက ဖြည့်စွက်ရေးသားခဲ့ပါသေးတယ်။
ဆွန်ရဲ့ ပရိသတ် ကိုရီးယားပြည်သူတဦးကလည်း "အိပ်ယာထဲကနေ ကျနော်ကြည့်နေရင်းနဲ့ကို စိတ်လှုပ်ရှားပြီး ပျော်မိတယ်ဗျ၊ ကျနော် ညဘက်အိပ်မပျော်တော့တဲ့အထိပဲ" လို့ မှတ်ချက်ပြုပါတယ်။ စပါးဟာ ရာသီကြိုခြေစွမ်းပွဲမှာ ကေလိဂ် All Stars အသင်းနဲ့လည်း ကစားသွားမယ်လို့သိရပြီး အဆိုပါပွဲကိုတော့ ဆိုးလ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။