ချယ်လ်ဆီးကို ဝယ်ယူဖို့အတွက် ဆော်ဒီအုပ်စုဘက်က အခြေအနေကောင်းနေချိန်မှာ တောင်ကိုရီးယားကုမ္ပဏီတွေဖြစ်တဲ့ C&P Sports နဲ့ Hana Group တို့ပူးပေါင်းပြီး ဝယ်ယူဖို့အတွက် ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ အဆိုပါကုမ္ပဏီတွေဟာ တောင်ကိုရီးယားနာမည်ကျော်ကုမ္ပဏီတွေဖြစ်ပြီး ငွေကြေးအင်အားအရတောင့်တင်းခိုင်မာတယ်လို့လည်း ဆိုပါတယ်။
သတင်းတွေအဆိုအရတော့ နာမည်ကျော်ကြားတဲ့ စီးပွားရေးအုပ်စုတွေလို့ သိရပြီး C&P Sports က လန်ဒန်မှာလည်း အခြေစိုက်ထားကာ Sports Management and promotion တွေကို အကြီးအကျယ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ Hana Group ကတော့ လုပ်ငန်းလည်ပတ်ငွေ ဒေါ်လာထရီလီယံနဲ့ချီပြီးရှိတဲ့ ကုမ္ပဏီဖြစ်တယ်လို့လည်း ဆိုပါတယ်။
C&P Sports ရဲ့ CEO ဖြစ်သလို ဘောလုံးစူပါအေးဂျင့်လည်းဖြစ်တဲ့ Catalina Kim က "ချယ်လ်ဆီးကို ကမ်းလှမ်းဖို့ ကျွန်မတို့ပြင်ဆင်နေပါတယ်၊ ဒီမတိုင်ခင်မှာဆိုရင် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေမှာ တောင်ကိုရီးယားကုမ္ပဏီတွေရဲ့ ရင်းနှီးမြုပ်နှံမှုက နည်းပါးပါတယ်၊ အခုတော့ ဒါတွေပြောင်းလဲဖို့ အချိန်ပါပဲ၊ ချယ်လ်ဆီးနဲ့အတူ စာမျက်နှာသစ်ဖွင့်ဖို့ကို မစောင့်နိုင်တော့ပါဘူး" လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။
C&P ဟာ ဖရန့်ဖတ်၊ ဆိုးလ်နဲ့ လန်ဒန်တို့မှာ လုပ်ငန်းတွေ လုပ်ကိုင်ပြီး လန်ဒန်မှာဆိုရင် စတန်းဖို့ဒ်ဘရစ်ချ်ကွင်းနဲ့ တမိုင်သာကွာဝေးတဲ့ Fulham Road မှာ ရုံးဖွင့်လှစ်ထားတာဖြစ်ပါတယ်။ မန်စီးတီးအတွက် နိုင်ငံတကာသဘောတူညီချက်တွေကို ကြားဝင်စေ့စပ်ပေးတာ၊ ရီးရဲလ်မက်ဒရစ်နဲ့ ကိုရီးယားကြား ချိတ်ဆက်ပေးတာ၊ စပါးနဲ့ တာယာစပွန်ဆာ Kumho Tyres တို့ကို မိတ်ဆက်ပေးမှုတွေကို အောင်မြင်အောင် လုပ်ကိုင်ပေးခဲ့တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။