ပီအက်စ်ဂျီဘက်က လျှော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ်။

လီယွန်နယ်မက်ဆီဟာ ပီအက်စ်ဂျီနဲ့ အတူ ဒီနေ့မှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။ အသင်းကိုအကြောင်းမကြားဘဲ ဆော်ဒီကို သွားရောက်ခဲ့တ​ဲ့ လုပ်ရပ်အတွက် မက်ဆီကို ၂ပတ်ကြာ ပွဲကစားခွင့်နဲ့ လေ့ကျင့်ခွင့်မပေးဖို့ ပီအက်စဂျီက ပိတ်ပင်ခဲ့ပေမယ့်လည်း ကစားသမားက လူသိရှင်ကြား ပြန်လည်တောင်းပန်ခဲ့မှုကြောင့် လျှော့ပေါ့ပေးလိုက်တာလို့ သိရပါတယ်။ 

မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီပွဲမှာ မက်ဆီ မပါဝင်ခဲ့ဘဲ ၁-၃ နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ မက်ဆီကလည်း သူနဲ့အသင်းကြားမှာ နားလည်မှုလွဲမှားခဲ့ပြီး အားလပ်ရက်ကို တရက်လျှော့ချလိုက်တာကို သူမသိခဲ့ဘူးလို့ ဆိုခဲ့ကာ ဆော်ဒီခရီးစဉ်ကို စီစဉ်ထားပြီးဖြစ်လို့ မဖျက်တော့ဘဲ ထွက်ခွာခဲ့ကြောင်းနဲ့ အသင်းဖော်တွေအားလုံးကို တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

ဒါကြောင့် အသင်းနဲ့အတူ သူက လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်ကာ လာမယ့်ပွဲစဉ်တွေကို ဝင်ရောက်ကစားပေးခွင့်ရမလားဆိုတာကတော့ မရှင်းမလင်းဖြစ်နေပါသေးတယ်။ မက်ဆီဟာ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖွယ်ရှိနေပြီး အလွတ်ထွက်ခွာနိုင်မှာဖြစ်ကာ ဆော်ဒီကလပ်တွေက သူ့ကို ခေါ်ယူဖို့အတွက် အားထုတ်နေကြပါတယ်။ 

အယ်လ်ဟီလယ်က မက်ဆီကို တနှစ်လုပ်ခ ပေါင်သန်း ၃၀၀ ကျော်အထိ ပေးချေဖို့ အသင့်ဖြစ်နေပြီး ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ မက်ဆီကတော့ ရာသီကုန်မှသာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လူသိရှင်ကြားထုတ်ပြောဖွယ်ရှိနေပြီး ပြင်သစ်ကလပ်နဲ့ လမ်းခွဲဖို့ကတော့ သေချာပေါက်ပဲလို့ ခန့်မှန်းရပါတယ်။ 


Share

Loading Next Article...
က္က