ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းအနေနဲ့ ကစားသမားတွေ ထပ်မံခေါ်ယူသင့်တဲ့အကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာလည်း သူ့အနေနဲ့ ပိုမိုပါဝင်လိုကြောင်း ပြောကြားခဲ့ပါတယ်။
ပိုချက်တီနိုကို ခေါ်ယူပြီးတဲ့နောက် ချဲလ်ဆီးတို့ ကစားသမားသစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀၀) ဝန်းကျင်အထိ အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက် ကစားသမား ရောင်းချမှုကတစ်ဆင့် ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀၀) ပြန်လည်ရရှိခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့နွေရာသီမှာ အသားတင်ပြောင်းရွှေ့ကြေး အသုံးစရိတ်က ပေါင်သန်း (၁၀၀) ဝန်းကျင်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ချဲလ်ဆီးက ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေပြီး တစ်ပွဲသာ အနိုင်ရရှိထားပါတယ်။ ဒီနိုင်ပွဲကလည်း တန်းတက် လူတန်တောင်းနဲ့ပွဲမှာ ရရှိခဲ့တာဖြစ်ပါတယ်။
ပိုချက်တီနိုကတော့ “ကောင်းမွန်တဲ့အချက်တစ်ခုက အသင်းရဲ့ အားကစားဒါရိုက်တာတွေနဲ့ ပိုင်ရှင်တွေအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ဆက်သွယ်မှုတွေရှိနေတာပါ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ပိတ်သွားချိန်မှာ ကျွန်တော့်အနေနဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်တွေမှာ ပိုမို ပါဝင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်”
“အခုဆိုရင် လာမယ့် ဇန်နဝါရီမှာ ကျွန်တော်တို့ ခေါ်ယူမယ့် ကစားသမားတွေအတွက် ဘာတွေလိုအပ်မယ်ဆိုတာကို ကျွန်တော် စတင်အလုပ်လုပ်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ ပိုချက်တီနိုရဲ့ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေတာကြောင့် ဖိအားများနေပြီး လာမယ့်ပွဲတွေမှာလည်း အသင်းကြီးတွေနဲ့ ပွဲကျပ်ရင်ဆိုင်မှာကြောင့် တော်တော်လေး ရုန်းကန်ရဖွယ်ရှိပါတယ်။