အေဂျက်စ်နဲ့ပွဲအပြီးမှာ ကလော့ပ်က ပြောကြားခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်က ချဲလ်ဆီး ပိုင်ရှင် တော့ဒ်ဘိုလေရဲ့ အကြံဥာဏ်တွေအပေါ် စိတ်တိုင်းမကျဖြစ်နေပြီး အေဂျက်စ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်တုံ့ပြန်လာပါတယ်။ တော့ဒ်ဘိုလေဟာ အမေရိကန်မှာလိုမျိုး အင်္ဂလန်ပရီးမီးယားလိဂ်မှာလည်း တောင်ပိုင်းနဲ့မြောက်ပိုင်း All Star အသင်းတွေ ရွေးချယ်ပြီး ကစားစေဖို့ ပရီးမီးယားလိဂ်ကို အကြံပေးခဲ့တာပါ။



ဒါက ဝင်ငွေအတွက် အထောက်အကူဖြစ်စေနိုင်သလို တန်းဆင်းတန်းတက်စနစ်မှာလည်း အသင်း (၃) သင်း ဒီတိုင်း တန်းဆင်းသွားတာထက်စာရင် လေးသင်းပတ်လည် ကစားပြီးမှ တန်းဆင်းတဲ့အသင်းကို ရွေးချယ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ “တော့ဒ်ဘိုလေက ဒီလိုပြောဖို့ မတွန့်ဆုတ်ခဲ့ဘူး၊ အကြာကြီးလည်း မစောင့်နိုင်တော့ဘူးပေ့ါ။ ဟုတ်တော့ ဟုတ်နေပါပြီ”


“သူ အဲ့ဒီလိုပွဲကစားဖို့ ရက်ရွေးပြီးပြီဆိုရင် ကျနော့်ဆီ ဖုန်းဆက်လို့ရပါတယ်။ သူ့ကြည့်ရတာ အမေရိကန်က ကစားသမားတွေ လေးလလောက် အနားရတာကို မေ့နေတဲ့ပုံပါပဲ။ ဒီတော့ သူတို့အားနေတဲ့အချိန်အတွင်း ဒီလိုကစားရတာကို အတော်လေးပျော်မှာပေါ့ဗျာ။ ဘောလုံးမှာတော့ လုံးဝကို ကွဲပြားခြားနားပါတယ်။ ကျနော် ဘာပြောနိုင်ဦးမှာလဲ”

“သူက ဟာလင်မ်ဂလိုဘီထရော့တာစ်ကို ခေါ်လာပြီး သူတို့ကို ဘောလုံးအသင်းတသင်းနဲ့ ကစားခိုင်းမလို့လား။ ခင်ဗျားတို့ မေးခွန်းအတွက် ကျနော် အံ့အားသင့်ရပါတယ်။ ဒီတော့ ကျနော့်အဖြေအပေါ်မှာလည်း အရမ်းကြီး မဝေဖန်၊ မဆုံးဖြတ်ကြပါနဲ့။ ဒါပေမယ့် တော့ဒ်ဘိုလေက ဒီအကြောင်းကို ရှင်းပြနိုင်ပြီး သင့်တော်တဲ့ရက်တရက်ကို ရွေးချယ်နိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တော်တော်များများကလည်း ဒီလိုပွဲမျိုးကို ကြည့်ချင်မယ်မထင်ပါဘူး”

“ယူနိုက်တက်၊ လီဗာပူးနဲ့ အဲဗာတန်ကစားသမားတွေကို တသင်းတည်းမှာ မြင်ယောင်ကြည့်လေ။ ဒါက နိုင်ငံလက်ရွေးစင်အသင်းမှမဟုတ်တာ။ စိတ်ဝင်စားစရာပဲဗျ။ အာဆင်နယ်နဲ့စပါးက ကစားသမားတွေလည်း တသင်းတည်း ကစားမှာတဲ့။ တော့ဒ်ဘိုလေက တကယ်ကြီး အဲ့ဒီလိုပြောခဲ့တာလားဗျာ” လို့ တုံ့ပြန်ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က