လီဗာပူးနည်းပြ ကလော့ပ်ကတော့ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်ဇယား ရေးဆွဲမှုအပေါ် ထပ်မံဝေဖန်လာခဲ့ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ကစားခဲ့ရပြီး ပွဲကျပ်တဲ့ဒဏ်ကို ကောင်းကောင်းခံစားခဲ့ရပါတယ်။
ကလော့ပ်ရဲ့ နောက်ဆုံးရာသီမှာ ကာရာဘောင်ဖလားရယူခဲ့ပြီးနောက် အခြားသော ဆုဖလား သုံးလုံး လမ်းကြောင်းပေါ်မှာလည်း လီဗာပူးတို့ ရပ်တည်နိုင်ခဲ့သေးတာပါ။ ဒါပေမယ့်လည်း အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ကနေ ဆက်တိုက် ထွက်ခွာခဲ့ရပြီး အခုချိန်မှာလည်း ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ ဆင်းပေးလိုက်ရပါတယ်။
လီဗာပူးဟာ ဒီရာသီ နှောင်းပိုင်းမှာ ဆက်တိုက် ရလဒ်တွေ ဆိုးရွားခဲ့တဲ့နောက် ကလော့ပ်ကတော့ သူ့ရဲ့ နောက်ဆုံးရာသီကို ကာရာဘောင်ဖလားနဲ့သာ ကျေနပ်ရတော့မှာပါ။ လက်ရှိအချိန်မှာလည်း ကလော့ပ်က “ကျွန်တော်တို့ အပိုတွေ ပြောနေတာ မဟုတ်ပါဘူး။ တကယ်ကို အလုပ်များလွန်းနေတာပါ”
“ဒါက လွယ်လွယ်လေး ပြောလို့ရတဲ့အရာပါ။ ခင်ဗျားတို့လည်း ဒါကို သတိထားမိပါလိမ့်မယ်။ တစ်စုံတစ်ယောက်က လူတွေကို ကူညီပေးဖို့ လိုအပ်နေပါပြီ။ ဒါက ထွက်သွားတော့မယ့် အဘိုးကြီးတစ်ယောက်ဆီကနေ အကြံဉာဏ်သေးသေးလေးတစ်ခုအနေနဲ့ ပေးသွားခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲမှုနဲ့ပတ်သက်လို့ အမြဲတမ်း ဝေဖန်ပြစ်တင်ခဲ့တဲ့ အသင်းတစ်သင်းပါ။ သူ့နည်းတူ မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း ကစားသမားတွေ လုံလောက်တဲ့နားချိန်မရတဲ့အပေါ် မကြာခဏ ငြီးတွားခဲ့ပါသေးတယ်။