ရော်နယ်ဒိုထွက်ခွင့်တောင်းချိန်ကစလို့ အခုထိ တန်ဟက်ခ်နဲ့ စကားမပြောရသေးတာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အသင်းကနေ ထွက်ခွာခွင့်တောင်းထားတဲ့ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အခုချိန်ထိ စကားမပြောရသေးဘူးလို့ ဖွင့်ဟလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွင့်တောင်းထားပြီး အသင်းရဲ့ရာသီကြိုခရီးစဥ်တွေကို လိုက်ပါခဲ့ခြင်းမရှိပါဘူး။



တန်ဟက်ခ်ကတော့ လီဗာပူးနဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမတိုင်ခင်မှာ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ အသင်းဘက်ကလည်း ကစားသမားကို ရောင်းချလိုခြင်းမရှိသလို ရော်နယ်ဒိုကို ခေါ်ယူဖို့အတွက်လည်း ထိပ်တန်းအသင်းအချို့က ငြင်းဆန်ပယ်ချထားပါတယ်။

ယူနိုက်တက်ဟာ ဒီကနေ့ညနေမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ သြစတြေးလျမှာ ခြေစမ်းပွဲဆက်ကစားမှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ရော်နယ်ဒိုနဲ့ပတ်သက်လို့ တန်ဟက်ခ်က အံ့အားသင့်ဖွယ် ဖွင့်ဟလာပါတယ်။ တန်ဟက်ခ်က “ကျနော် ရော်နယ်ဒိုနဲ့လည်း စကားမပြောဖြစ်သေးပါဘူး။ ပြီးခဲ့တဲ့အပတ်က ဘန်ကောက်မှာ ပြောခဲ့တဲ့အခြေအနေအတိုင်းပါပဲ။ ဘာမှပြောင်းလဲမှုမရှိပါဘူး”

“သူက လေ့ကျင့်ခန်းတွေတော့ လုပ်နေပါတယ်။ ရော်နယ်ဒိုက ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်တယောက်ဆိုတာ ကျနော်တို့သိပြီး ကြံ့ခိုင်မှုလည်း ပြည့်ဝနေမှာပါ။ သူ့အနေနဲ့လည်း ကျနော့်ရဲ့ ကစားပုံအတိုင်း လိုက်ကစားနိုင်မှာပါ။ သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ အရာအားလုံးကို သူသက်သေပြခဲ့ပြီးပါပြီ။ ကျနော် လိုချင်တဲ့ပုံစံတွေကိုလည်း ပြင်ဆင်ပြီးပါပြီ”

“ထိပ်တန်းကစားသမားတယောက်က ဒါကို လိုက်လုပ်နိုင်မှာဖြစ်ပြီး ရော်နယ်ဒိုက ကျနော့်တို့အသင်းမှာ လုံးဝကို ထိပ်တန်းကစားသမားတယောက်ပါ။ ကစားသမားတွေက ကစားချင်တဲ့ပုံစံကို လိုက်နိုင်ပါတယ်။ အထူးသဖြင့် အသင်းအတွက် ဂိုးတွေသွင်းနေတဲ့သူမျိုးပေါ့။ သူတို့က အသင်းတသင်းအတွက် တကယ်ကို အရေးပါတဲ့ ကစားသမားတွေပါ။ သူတို့ကိုတည်ပြီး ခင်ဗျားအသင်းကို တည်ဆောက်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ်ဟာ ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးဖွယ်ရှိတဲ့အကြောင်းကိုပါ အံ့အားသင့်ဖွယ်ပြောကြားသွားခဲ့ပြီး တန်ဟက်ခ်ရဲ့စကားတွေကတော့ ပဟေဠိဖြစ်စရာတွေရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က