ယူနိုက်တက်ဟာ အသင်းကနေထွက်ခွာခွင့်တောင်းခံထားတဲ့ ရော်နယ်ဒိုကို ရာသီကြိုခြေစမ်းခရီးစဥ်တွေမှာ မဖြစ်မနေလိုက်ပါရမယ်လို့ သတိပေးလိုက်ကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ သူ့အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရရှိရင် ရောင်းထုတ်ပေးဖို့ ပြီးခဲ့တဲ့စနေမှာ အသင်းကို အသိပေးခဲ့တာပါ။
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၉) နှစ်ဆက်တိုက် ကစားထားတဲ့ ကစားသမားတယောက်ဖြစ်ပြီး ယူနိုက်တက်ကတော့ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်သာရရှိထားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက အသင်းရဲ့ ပြင်ဆင်အားဖြည့်မှုတွေကို ကျေနပ်အားရမှုမရှိတာကြောင့် အခုလိုပဲ အသင်းကနေထွက်ခွာခွင့်တောင်းခံထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကတော့ ရော်နယ်ဒိုကို ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ အသိပေးထားတဲ့အပြင် အခုချိန်မှာလည်း ရာသီကြိုခြေစမ်းခရီးစဥ်တွေမှာ မဖြစ်မနေလိုက်ပါဖို့ ရော်နယ်ဒိုကို သတိပေးလိုက်ပါတယ်။ ဒီသတင်းကိုတော့ Mirror က ဖော်ပြခဲ့တာဖြစ်ပြီး ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းခရီးစဥ်တွေအဖြစ် ထိုင်းနိုင်ငံနဲ့ သြစတြေးလျနိုင်ငံတို့ကို ခရီးထွက်ခွာရမှာပါ။
အချိန်ကာလအားဖြင့် နှစ်ပတ်ခွဲကြာမြင့်မယ့် ဒီခရီးစဥ်ကို လာမယ့်သောကြာနေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး ဘန်ကောက်မြို့မှာ လီဗာပူးနဲ့ ရင်ဆိုင်ရမှာပါ။ အဲ့ဒီနောက် သြစတြေးလျကို ဆက်လက်ခရီးဆက်မှာဖြစ်ပြီး ခြေစမ်းပွဲတွေ ဆက်လက်ကစားသွားဖို့ စီစဥ်ထားပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ရော်နယ်ဒိုအနေနဲ့ လက်ရှိနွေရာသီမှာ အသင်းကနေထွက်ခွာဖြစ်ခဲ့ရင်တောင် ယူနိုက်တက်ရဲ့ ရာသီကြိုခြေစမ်းပွဲတွေကို ကစားပေးသွားရမယ်လို့ အသိပေးထားတာဖြစ်ပါတယ်။
ရာသီကြိုခြေစမ်းပွဲတွေဟာ အသင်းတွေရဲ့ပြင်ဆင်မှုအတွက်ရော၊ စီးပွားရေးအရပါ အရေးပါပြီး ရော်နယ်ဒိုလို အထင်ကရကစားသမားမျိုးကို ယူနိုက်တက်က အာရှမြေဆီ ခေါ်ဆောင်သွားချင်နေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပုံမှန်အားဖြင့်လည်း ဒီကနေ့မှာ ယူနိုက်တက်နဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဥ်တွေပြုလုပ်ဖို့ စတင်ပူးပေါင်းရတော့မှာလည်းဖြစ်ပါတယ်။