OnePlus ပူးတွဲတည်ထောင်သူဟောင်း ကားလ်ပိုင်ရဲ့ Nothing အမှတ်တံဆိပ်ကနေ မိတ်ဆက်သွားမယ့်ဖုန်းပါ။
OnePlus နဲ့ လမ်းခွဲလိုက်ပြီးနောက် ကားလ်ပိုင်ဟာ Nothing နာမည်နဲ့ ထုတ်ကုန်အမှတ်တံဆိပ်တစ်ခု စတင်လိုက်ပါတယ်။ Nothing ကနေ Ear 1 ဆိုတဲ့ earbuds နားကြပ်တစ်ခု ထုတ်ထားပါတယ်။ ထူးခြားချက်က အတွင်းထဲကို ထွင်းဖောက်မြင်နိုင်မယ့် ထွင်းဖောက်မြင်အရာဝတ္ထု Transparent Elements တွေ သုံးလာတာပဲ ဖြစ်ပါတယ်။
Nothing ကနေ စတင်မိတ်ဆက်သွားမယ့် စမတ်ဖုန်းမှာလည်း Ear 1 ရဲ့ ဒီဇိုင်းဗေဒအတိုင်း လာဖို့ ရှိပါတယ်။ သူ့မှာလည်း Transparent ကိုယ်ထည်နဲ့လာတာကြောင့် ဖုန်းထဲက ဘက်ထရီ ၊ Motherboard တည်ဆောက်ပုံနဲ့ Wireless Charging Coils တွေ User က ဒီအတိုင်း မြင်နေရမှာ ဖြစ်ပါတယ်။ Qualcomm နဲ့လည်း သဘောတူညီမှုတွေ လုပ်ထားတာ ရှိလို့ Nothing ထွင်းဖောက်မြင်ဖုန်းဟာ Snapdragon Platform သုံးမယ့် စမတ်ဖုန်း ဖြစ်လာမှာပါ။
Nothing တည်ထောင်လိုက်တဲ့ ကားလ်ပိုင်ဟာ Essential အမှတ်တံဆိပ်ဆီကနေလည်း Brand မူပိုင်ခွင့် ဝယ်ထားပါတယ်။ Essential ဆိုတာ အန်းဒရိုက်ဖခင်ကြီးလို့ တင်စားခံရတဲ့ အန်ဒီရူဘင်ရဲ့ ဈေးကွက်မှာ မအောင်မြင်လိုက်တဲ့ စမတ်ဖုန်းအမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ ကားလ်ပိုင်အနေနဲ့ Nothing ကို ဆန်းသစ်တီထွင်တဲ့ နည်းပညာသုံး ထုတ်ကုန်တွေဘက်ကို အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
နည်းပညာနဲ့ လူအကြားက အတားအဆီးတွေကို ဖယ်ရှားပြီး ချောမွေ့ပြေပြစ်တဲ့ ဒီဂျစ်တယ်အနာဂါတ်တစ်ခု ဖန်တီးရေးဟာ ကားလ်ပိုင်ရဲ့ Nothing တည်ထောင်ခြင်း ရည်ရွယ်ချက်တစ်ခုလို့ ဆိုပါတယ်။ Nothing အမှတ်တံဆိပ်ကနေ ပထမဆုံးထုတ်ကုန်ဖြစ်တဲ့ နားကြပ် Ear 1 ထွက်လာပြီးနောက် အတော်များများဟာ Nothing ရဲ့ စမတ်ဖုန်းကို မျှော်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကစပြီး သတင်းတွေမှာလည်း ၂၀၂၂ နှစ်ဆန်းပိုင်းမှာ Nothing ကနေ အတွင်းပိုင်းကို ဖောက်ထွင်းမြင်နိုင်မယ့် ဖုန်းတစ်လုံး ကြေညာသွားမယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒီဖုန်းကို Nothing Phone 1 လို့ နာမည်ပေးဖို့လည်း ရှိပါတယ်။ ဘော်ဒီဖရိန်နဲ့ ကျောဘက်ကာဗာကို တစ်သားတည်း ပေါင်းစည်းလိုက်ပြီး အတွင်းပစ္စည်းတွေ မြင်နိုင်တဲ့ အကြည်သား Material ကို သုံးသွားမယ်လို့လည်း ဆိုပါတယ်။ အခု ဆောင်းပါးမှာ မြင်ရတာက Render ဒီဇိုင်း ဖြစ်ပါတယ်။
ဧပြီလထဲ မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး Essential လို နာမည်ကြီး ထမင်းငတ် မဖြစ်ဖို့လည်း မျှော်လင့်ရပါတယ်။