ယူနိုက်တက်ပရိသတ်တွေဟာ ဂါလာတာစာရေးနဲ့ တစ်ဖက်သုံးဂိုးစီ သရေကျအပြီး မြင်တွေ့ခဲ့ရတဲ့ တန်ဟက်ခ်နဲ့ ဇီယက်ချ်တို့ရဲ့ မြင်ကွင်းကြောင့် ဒေါသထွက်နေကြပါတယ်။ တန်ဟက်ခ်နဲ့ ဇီယက်ချ်တို့ဟာ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးကြပါတယ်။
လက်ရှိမှာတော့ တန်ဟက်ခ်က ယူနိုက်တက်နည်းပြအဖြစ်၊ ဇီယက်ချ်က ဂါလာတာစာရေး ကစားသမားအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့တာပါ။ ဒီလိုမျိုး ရင်ဆိုင်ခဲ့ရာမှာလည်း ဇီယက်ချ်က အိုနာနာရဲ့ အမှားတွေကတစ်ဆင့် ယူနိုက်တက်ဘက်ကို ပြစ်ဒဏ်ဘောကတစ်ဆင့် နှစ်ဂိုးအထိ တိုက်ရိုက်ကန်သွင်းယူခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဂါလာတာစာရေးကို ၀-၂ဂိုး၊ ၁-၃ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ သုံးဂိုးစီသရေနဲ့ ကျေနပ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ အုပ်စု တစ်ပွဲသာ ကျန်တော့ချိန်မှာ နောက်တစ်ဆင့်အတွက် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆုံးရှုံးသွားခဲ့ပါတယ်။
ဒီလိုမျိုး စိတ်ပျက်စရာ သရေပွဲအပြီးမှာ တန်ဟက်ခ်က ဇီယက်ချ်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ ပွေ့ဖက်နှုတ်ဆက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဒီအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက ဒေါသပေါက်ကွဲနေကြတာပါ။
ယူနိုက်တက်ပရိသတ်တွေက “အသင်းက ချန်ပီယံလိဂ်ကနေ ထွက်ရတော့မယ်၊ တန်ဟက်ခ်ကတော့ ပြိုင်ဘက်နဲ့ ပြုံးပျော်နေတာပဲ” “ဒီနေရာမှာဆိုးလ်ရှားသာဆိုရင် ဘာတွေပြောကြဦးမလဲ” “ဖာဂူဆန်က တစ်သက်နဲ့တစ်ကိုယ် ဒါမျိုးလုပ်ခဲ့ဖူးလား” အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ရေးသားကာ ဝေဖန်ပြစ်တင်သွားခဲ့ကြပါတယ်။