ဂျပန်တော်ဝင်မင်းသမီး မာကိုက သူမရဲ့ တက္ကသိုလ်ကျောင်းနေဘက်ချစ်သူ ကီကိုမူရိုနဲ့ ယနေ့ (အောက်တိုဘာ ၂၆ ရက်) လက်ထပ်လိုက်ပြီလို့ ဧကရာဇ်မိသားစုဆိုင်ရာဌာနက သတင်းထုတ်ပြန်ပါတယ်။
(၂၀၁၇ ခုနှစ်က စေ့စပ်လိုက်ပြီလို့ ကြေညာခဲ့ကြစဥ်က မင်းသမီးမာကိုတို့စုံတွဲ)
ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ တူမဖြစ်သူ မင်းသမီးမာကိုဟာ တော်ဝင်ဂုဏ်ပုဒ်အဆောင်အယောင်တွေကို ကျောခိုင်းစွန့်လွှတ်ပြီး ချစ်သူနဲ့လက်ထပ်လိုက်တာလည်း ဖြစ်ပါတယ်။ နှစ်နဲ့ချီကြာ အငြင်းပွားမှု ဝေဖန်မှုတွေရှိနေခဲ့ပြီးနောက် သူမတို့နှစ်ဦးရဲ့ လက်ထပ်ပွဲကို ယနေ့မှာ သိုသိုသိပ်သိပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ မာကိုနဲ့ ကိုမူရိုတို့က စေ့စပ်လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ကိုမူရိုမိသားစုရဲ့ ငွေရေးကြေးရေး ပြဿနာသတင်းများထွက်ပေါ်လာကာ သူတို့စုံတွဲဟာ အတင်းအဖျင်းသတင်းတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ဂျပန်အိမ်ရှေ့မင်းသားရဲ့ သမီးဖြစ်သူ မာကိုဟာ သူမနဲ့ သက်တူရွယ်တူတွေဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် အရပ်သားတစ်ဦးဖြစ်တဲ့ ကိုမူရာကို လက်ထပ်မယ့်အစီအစဥ်အပေါ် သတင်းမီဒီယာတွေက နှစ်နဲ့ချီကြာ အလေးထားစောင့်ကြည့်ခဲ့ပြီး သတင်းအမျိုးမျိုး ရေးသားဖော်ပြခဲ့ကြပါတယ်။
(မိဘတွေဖြစ်တဲ့ အိမ်ရှေ့မင်းသား အကီရှီနိုနဲ့ အိမ်ရှေ့မင်းသမီး ကီကို၊ ညီမဖြစ်သူ မင်းသမီးကာကိုတို့ကို နှုတ်ဆက်ဖို့ပြင်နေတဲ့ မာကို)
တော်ဝင်မင်းသမီးဟာ မီဒီယာတွေမှာ အသားပေးဖော်ပြကြတဲ့ သူမရဲ့ မင်္ဂလာပွဲကိစ္စ သတင်းတွေကြောင့် စိတ်ရှုပ်ထွေးခဲ့ရတယ်လို့လည်း ဧကရာဇ်မိသားစုဆိုင်ရာဌာနက ဆိုပါတယ်။ ယနေ့မှာတော့ မင်းသမီးမာကိုနဲ့ ကိုမူရိုတို့ရဲ့ လက်ထပ်စာချုပ်တွေကို တရားဝင်လက်ခံအတည်ပြုခဲ့ပြီး လက်ထပ်မင်္ဂလာပွဲ ပြီးမြောက်ခဲ့ပြီးလို့ အဆိုပါဌာနက AFP ကို ပြောပါတယ်။
ဂျပန်ဧကရာဇ်မိသားစုဝင်တွေဟာ မင်းမျိုးမင်းနွယ်မဟုတ်တဲ့ သာမန်အရပ်သားသူ အရပ်သားကို လက်ထပ်ပါက Chrysanthemum ထီးနန်းဆက်ခံခွင့်မရှိဘဲ ၎င်းတို့ရဲ့ တော်ဝင်ဂုဏ်ပုဒ်အဆောင်အယောင်တွေကို စွန့်လွှတ်ရကြောင်း သိရပါတယ်။ မင်းသမီးမာကိုကတော့ သာမန်အရပ်သားကို လက်ထပ်လိုက်တာကြောင့် တော်ဝင်ဂုဏ်ပုဒ် စွန့်လွှတ်ရသူ တော်ဝင်အမျိုးသမီးတွေကို ပေးအပ်လေ့ရှိတဲ့ ငွေကိုလည်း လက်ခံရယူမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ထိုငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၁.၃ သန်းအထိ ဖြစ်တယ်လို့ဆိုပါတယ်။
(မင်းသမီးမာကိုနှင့် ညီမဖြစ်သူ မင်းသမီးကာကိုတို့ ပွေ့ဖက်နှုတ်ဆက်စဥ်)
မာကိုဟာ ဒုတိယကမ္ဘာစ်နောက်ပိုင်း ဂျပန်တော်ဝင်မျိုးနွယ်တွေရဲ့ အစဥ်အလာထုံးစံကိုကျော်လွန်ပြီး သာမန်အရပ်သားတစ်ဦးနဲ့ လက်ထပ်တဲ့ ပထမဆုံး တော်ဝင်မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။ မာကိုရဲ့ဖခင် အိမ်ရှေ့မင်းသား အကီရှီနိုကတော့ သမီးဖြစ်သူ လက်ထပ်မယ့်အစီအစဥ်ကို သဘောတူပေမဲ့ ပြည်သူလူထုရဲ့ နားလည်မှုရရှိရန် လိုအပ်တယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်း ပြောခဲ့ပါတယ်။ မာကိုတို့စုံတွဲဟာ လက်ထပ်ပြီးပါက နယူးယော့ခ်မြို့မှာ ရွှေ့ပြောင်းနေထိုင်သွားမယ်လို့ မျှော်လင့်ထားကြပါတယ်။
Photo: AP, Reuters, AFP