ဘာစီလိုနာကနေ အက်စတွန်ဗီလာကို အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာကနေ သူ ရရှိမယ့် လုပ်ခလစာကို ရယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီအပြောင်းအရွှေ့မှာ ဗီလာက ဘာကာမှာ ကော်တင်ဟိုရရှိနေတဲ့ လုပ်ခလစာရဲ့ ၆၅% ဖြစ်တဲ့ ပေါင် ၁၂၀၀၀၀ ကိုသာ ပေးချေရမှာဖြစ်ပြီး ကျန် ၃၅% ကို ဘာကာက ပေးချေရမှာဖြစ်ပါတယ်။
ဒါ့အပြင် ရာသီကုန်မှာ ကော်တင်ဟိုကို ခေါ်ယူချင်တယ်ဆိုရင် ပေါင် ၃၃ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း စာချုပ်အတွင်းမှာ ပါရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ ဘာကာကနေရရှိမယ့် လုပ်ခ ၃၅% ကို မရယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပြီး အဓိကအကြောင်းရင်းကတော့ ဖာရန်းတောရက်စ်ကို ဘာကာတို့ ကစားသမားစာရင်းသွင်းနိုင်ဖို့လို့ ဆိုပါတယ်။
မန်စီးတီးကနေ တောရက်စ်ကို ခေါ်ယူခဲ့ပေမယ့် လာလီဂါရဲ့ လုပ်ခလစာစည်းကမ်းကြောင့် ဘာကာဟာ ကစားသမားအဖြစ် စာရင်းသွင်းနိုင်ခြင်းမလုပ်ရသေးတာဖြစ်ပါတယ်။ ဒီအတွက် ကော်တင်ဟိုထွက်ခွာမှုနဲ့အတူ လုပ်ခလစာပေါင်တသိန်းကျော်ကို လျှော့ချနိုင်ခဲ့ပေမယ့် လွတ်လွတ်ကျွတ်ကျွတ်စာရင်းသွင်းလို့မရသေးဘူးလို့သိရပြီး ကော်တင်ဟိုက ၃၅% အထိကို မယူဖို့ ဆုံးဖြတ်ခဲ့လို့ စာရင်းသွင်းနိုင်တော့မှာလည်းဖြစ်ပါတယ်။
လီဗာပူးလ်မှာ ခြေစွမ်းပြခဲ့ပြီးနောက် ပေါင် ၁၄၂သန်းအထိ ပေးချေကာ ဘာစီလိုနာက ကော်တင်ဟိုကို ခေါ်ယူခဲ့ပေမယ့် ထင်မှတ်သလိုတော့မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ထွက်ကစားခဲ့ရသလို အခုအခါ ဒုတိယအကြိမ်မြောက်အဖြစ် အငှားထပ်မံကစားရတော့မှာဖြစ်ပြီး သူ ကျင်လည်ခဲ့ဖူးရာ အင်္ဂလန်ကို ပြန်ခြေချတော့မှာဖြစ်ပါတယ်။
ဒီတကြိမ်မှာတော့ လီဗာပူးလ်အသင်းဖော်ဟောင်းဂျရတ်က နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ဗီလာကို ရောက်ရှိမှာဖြစ်ကာ နည်းပြနဲ့ ကစားသမားအဖြစ် သူတို့နှစ်ဦး ပြန်ဆုံဆည်းကြတော့မှာဖြစ်ပါတယ်။