ဘာစီလိုနာကတော့ အလွဲတွေတော်တော်များနေပါပြီ။

ဘာစီလိုနာရဲ့ အပြောင်းအရွှေ့မူဝါဒနဲ့ လုပ်ဆောင်ပုံတွေကတော့ မှားသထက်မှားနေပြီလို့ အပြစ်တင်ခံနေရပြန်ပါပြိ။ မန်စီးတီးတိုက်စစ်ကစားသမားဖာရန်းတောရက်စ်ကို ပေါင် ၄၆.၇ သန်းအထိ ပေးချေကာ ခေါ်ယူခဲ့တဲ့ ဘာစီလိုနာဟာ စပိန်သားကို အခုချိန်ထိ အသင်းရဲ့ ကစားသမားအဖြစ် မှတ်ပုံတင်ထားနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

အကြောင်းရင်းကတော့ လစာငွေစည်းကမ်းသတ်မှတ်ချက်ကြောင့်ဖြစ်ပြီး ဖာရန်းတောရက်စ်ကို မှတ်ပုံတင်စာရင်းသွင်းမယ်ဆိုပါက စည်းကမ်းနဲ့မညီတော့မှာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင်း လက်ရှိမှာ စာရင်းပေးသွင်းထားတဲ့ ကစားသမားတွေကို ရောင်းချတာ၊ ဒါမှမဟုတ် လစာငွေလျှော့ချနိုင်တာမျိုးတွေ ပြုလုပ်မှသာ တောရက်စ်ကို စာရင်းသွင်းပြီး အသင်းအတွက် ကစားပေးစေနိုင်မှာလည်းဖြစ်ပါတယ်။ 

ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာဟာ ဒီရာသီမှာ ဝါရင့်ကစားသမားတွေနဲ့ အကယ်ဒမီထွက်ကစားသမားတွေကို ပူးပေါင်းအသုံးပြုနေရပြီး ရလဒ်ပိုင်းအရလည်း ဆိုးရွားနေခဲ့ပါတယ်။ တောရက်စ်ရဲ့ အနေအထားကို ဖြေရှင်းဖို့အတွက် သူတို့က ဒမ်ဘီလီနဲ့ညှိနှိုင်းနေပြီး လစာငွေလျှော့ယူပေးဖို့အတွက် တောင်းဆိုထားကြောင်းလည်း သိရပါတယ်။ 

အသင်းပရိသတ်တွေကတော့ ဒီအပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး အသင်းဘက်က လုပ်ဆောင်နေမှုတွေအပေါ် အမျက်ထွက်နေပြီဖြစ်ပါတယ်။ တောရက်စ်ကို ခေါ်ယူနိုင်ခဲ့မှုအပေါ် နည်းပြဇာဗီက ကျေနပ်ပျော်ရွှင်နေတယ်လို့ ပြောဆိုထားပေမယ့်လည်း လက်ရှိအချိန်ထိ ကစားသမားအဖြစ် စာရင်းမသွင်းနိုင်သေးတာက အသင်းပြန်လည်ဦးမော့လာဖို့ သူ့ရဲ့အားထုတ်မှုမှာ အနှောင့်အယှက်တခုအဖြစ်နဲ့တော့ ရှိနေပြီဖြစ်ပါတယ်။ 

Share

က္က