မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်ဟာ လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဖာနန်ဒို တောရက်စ်ဟာ တစ်ခါတုန်းက ၎င်းကို တက်နင်းခဲ့ပြီးနောက် ဒဏ်ရာကို ချုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဖာနန်ဒို တောရက်စ်ဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာ ရှိနေခဲ့တဲ့အချိန်တုန်းက ပရီးမီးယားလိဂ်မှာ ကြောက်မက်ဖွယ် အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး လီဗာပူးလ်မှာ ရှိခဲ့တဲ့ ၄ ရာသီအတွင်း သွင်းဂိုး ၈၁ ဂိုးနဲ့ ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရာမှာတော့ မကြာခဏ ရုန်းကန်ခဲ့ရပြီး သရဲနီတွေနဲ့ ၁၉ ကြိမ် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရာမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၆ ကြိမ်သာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ဖာနန်ဒို တောရက်စ် ပြိုင်ဘက်တွေကို အသာစီးရဖို့ ကြိုးပမ်းတဲ့အခါမှာ လုပ်လေ့ရှိတဲ့ ဆိုးရွားတဲ့ အရာတွေအကြောင်းကို ဖွင့်ဟပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဖာဒီနန်က တောရက်စ်ကို အရမ်းကောင်းတဲ့ကစားသမားလို့ သတ်မှတ်ခဲ့ပေမယ့်လည်း စပိန်လက်ရွေးစင်ကြယ်ပွင့်ဟောင်းဟာ ညစ်ပတ်တဲ့နေရာမှာလည်း ဆရာတစ်ဆူ ဖြစ်ခဲ့တယ်လို့ ပြောကြာခဲ့တာ ဖြစ်ပါတယ်။
"တောရက်စ်က ထိန်းရခက်တယ်။ ကျွန်တော် ဒီအကြောင်းကို တခြားနေ့မှာ ပြောခဲ့ပါတယ်။ သူက လျင်မြန်တယ်။ သန်မာတယ်။ အကြမ်းပတမ်း ကစားနိုင်တယ်။ နောက်ကနေ ကျော်ပြေးနိုင်တယ်။ ခင်ဗျား မလိုချင်တဲ့ဒီလို အရာတွေအားလုံးကို သူ လုပ်နိုင်ခဲ့တယ်။ ကျွန်တော် သူနဲ့ပတ်သက်ပြီး ဘင်နီတက်ဇ်ကို ပြောခဲ့တယ်။ သူက တစ်ခါတလေ ကွင်းထဲမှာ တော်တော်ကို အကျင့်မကောင်းတဲ့ကောင်ဖြစ်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ကစားသမားပါ။ သူ တစ်ခါတုန်းက ကျွန်တော့်ခြေထောက်ပေါ်ကို တက်နင်းခဲ့ဖူးတယ်။ ပထမပိုင်းမှာပေါ့။ ဘောလုံးတောင် ရှိမနေခဲ့ပါဘူး။ ကျွန်တော့်ခြေထောက်မှာ ၄၊ ၅ ချက်လောက် ချုပ်လိုက်ရတယ်"
"အဲဒီတော့ သူက အကြမ်းပတမ်း ကစားတတ်တဲ့ အကျင့်ရှိခဲ့တယ်။ ဒါပေမယ့် သူနဲ့ ရင်ဆိုင်ကစားရတဲ့ပွဲစဉ်တွေကို ကျွန်တော် နှစ်သက်မိတယ်။ ဒရော့ဂ်ဘာက ကျွန်တော့်အတွက် ပွဲကစားရခက်အောင် တကယ် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူက ကျွန်တော်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ကြီးမားတဲ့သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။