စပိန်လက်ရွေးစင်အသင်းရဲ့ ထွက်ပေါ်လာတဲ့ ထရိန်နင် ဗီဒီယိုကတော့ တော်တော်လေးကို ကောင်းမွန်ပြီး ပရိသတ်တွေအကြားမှာ ချီးကျူးခံနေရပါတယ်။ စပိန်ဟာ အင်္ဂလန်နဲ့ မနက်ဖြန်မှာ ကစားမယ့် ယူရိုဖိုင်နယ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
သူတို့ရဲ့ ထရိန်နင် အစီအစဉ်တစ်ခုမှာ ကစားသမားတစ်ယောက်ချင်းစီက ဘောလုံးကို မြေပေါ်မကျအောင် တော့ ယူသွားရပါတယ်။ တစ်ယောက်က တော့ပြီးလို့ အခြား ကစားသမားကို ပေးချိန်မှာလည်း မြေပေါ်မကျအောင် ပေးရတာပါ။
ဒီလိုပုံစံမျိုးကို ရာမဲလ်၊ ဖာဘီယန်ရုဇ်၊ နီကိုဝီလီယံစ်၊ ရိုဒရီ၊ လာပေါ့တ်တို့လို ကစားသမားတွေက အမှားအယွင်းမရှိဘဲ လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါဟာ စပိန်သားတွေရဲ့ ဘောလုံးကျွမ်းကျင်မှုကို သိသာထင်ရှားစေတဲ့ မြင်ကွင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
စပိန်ဟာ ဒီယူရိုမှာ ကစားပြီးခဲ့သမျှ အုပ်စုပွဲ၊ ရှုံးထွက်၊ ကွာတား၊ ဆီမီးအထိ ပွဲတိုင်းကို အနိုင်ကစားနိုင်ခဲ့ပြီး အခုလိုမျိုး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အင်္ဂလန်အတွက် ခက်ခဲကြမ်းတမ်းမယ့် ဗိုလ်လုပွဲတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။