ယူနိုက်တက်ကစားသမားတွေကို တန်ဟက်ခ်က အီးမေးလ်ပို့ထားတာပါ။

ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟက်ခ်ဟာ ရာသီသစ်အတွက် ယူနိုက်တက်ကစားသမားအားလုံးကို အီးမေးလ်ပေးပို့ပြီး လိုအပ်တဲ့စိတ်နေစိတ်ထား၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာတို့အတွက် သတိပေးပြောကြားထားတယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဟာ ဒီလ (၂၇) မှာတင် ပထမအသုတ်အဖြစ် ရာသီကြိုလေ့ကျင့်ခန်းအချို့ကို စတင်တော့မှာပါ။



တန်ဟက်ခ်လိုချင်တဲ့ ကစားပုံက တောင်းဆိုမှုများပြားတဲ့ ကစားဟန်ဖြစ်ပြီး ယူနိုက်တက်ကစားသမားတွေရဲ့ ပြီးခဲ့တဲ့ရာသီ အနေအထားနဲ့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်လည်း ကြံ့ခိုင်မှုပိုင်းအတွက် အချိန်ယူပြင်ဆင်ဖို့ တန်ဟက်ခ်က ကစားသမားတွေကို အသင်းနဲ့ စောစောစီးစီး ပူးပေါင်းခိုင်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် အချက် (၃) ချက်ပါ အီးမေးလ်တစောင်ကိုလည်း ကစားသမားအားလုံးထံ ပေးပို့ထားပါတယ်။

ဒီအီးမေးလ်ရဲ့ နံပါတ်တစ်အချက်ကတော့ ဘောလုံးဟာ အသင်းလိုက်ကစားနည်းဖြစ်တာကြောင့် ကစားသမားတယောက်က အခြားတယောက်ထက် ပိုမိုအရေးကြီးတာမျိုး ဒါမှမဟုတ် ကစားသမားတယောက်က အသင်းထက် ပိုမိုအရေးပါတာမျိုးမရှိဘူးဆိုတာပဲဖြစ်ပါတယ်။ နံပါတ်နှစ်မှာတော့ ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းအစီအစဥ်တိုင်းမှာ တကယ့်ပွဲတပွဲကို ရင်ဆိုင်နေသလိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ကတော့ ကစားသမားအားလုံးက ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုရှိရမယ်၊ ဒီအတွက် လိုအပ်တာတွေကို ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒီကစားသမားဟာ အသင်းကြီးလူစာရင်းကနေ ဖယ်ရှားခံရမှာဖြစ်ပြီး လူငယ်ကြယ်ပွင့်တွေနဲ့ အစားထိုးသွားမယ်လို့ သိရှိရပါတယ်။ တန်ဟက်ခ်ဟာ လူငယ်ကြယ်ပွင့်တွေကို မြေတောင်မြှောက်ပေးတဲ့နေရာမှာလည်း ထူးချွန်သူတယောက်ပါ။

ယူနိုက်တက်ဟာ နောက်ပိုင်းနည်းပြအဆက်ဆက်မှာ စည်းကမ်းပိုင်းဆိုင်ရာ လျော့ရဲနေတဲ့အသင်းတသင်းဖြစ်ပြီး ကစားသမားတွေအကြားမှာလည်း ဂိုဏ်းကွဲမှုတွေရှိနေတယ်လို့ သတင်းတွေကဆက်တိုက်ဖော်ပြခဲ့ပါတယ်။ နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ယာယီနည်းပြရန်းနစ်ဂ်ကိုယ်တိုင် ဒီပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့ဘဲ တန်ဟက်ခ်ရော ဒါတွေကိုဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က