ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ အပြန်အလှန် ခွန်းတုံ့ပြန်ခဲ့တဲ့ ဆန်ချိုတစ်ယောက် လေ့ကျင့်ရေးကွင်းမှာ ရေသာခိုနေတဲ့ ဗီဒီယိုတစ်ခုက ပရိသတ်တွေအကြား ပျံ့နှံ့လာခဲ့ပါတယ်။ ဆန်ချိုဟာ အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက် ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
ဒီလိုမျိုး ချန်လှပ်ခံရတဲ့အပေါ် တန်ဟက်ခ်ကို မီဒီယာတွေက မေးမြန်းခဲ့ရာမှာ ကစားသမားရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်ချိုကတော့ တန်ဟက်ခ်ရဲ့ ပြောစကားတွေကို နည်းနည်းလေးမှ ငြိမ်မခံခဲ့ဘဲ ချက်ချင်းဆိုသလိုပဲ ဆိုရှယ်မီဒီယာကတစ်ဆင့် တုံ့ပြန်ခဲ့ပါတယ်။
ပရိသတ်တွေကတော့ တန်ဟက်ခ်အနေနဲ့ ဒါမျိုး လူသိရှင်ကြား မတုံ့ပြန်သင့်ကြောင်း ဝေဖန်သူတွေရှိနေသလို နည်းပြကို အခုလိုမျိုး ဆတ်ဆတ်ထိမခံ တုံ့ပြန်ခဲ့တဲ့ ဆန်ချိုအပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း အခု ပရိသတ်တွေအကြား ထွက်ပေါ်နေတဲ့ ဗီဒီယိုမှတ်တမ်းအရ ဆန်ချိုတစ်ယောက် လေ့ကျင့်ရေးကွင်းမှာ မကြာခဏဆိုသလို ရေသာခိုလေ့ရှိကြောင်း ပရိသတ်တွေက ကောက်ချက်ချနေပါတယ်။
ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းအတွင်း ဒိုက်ထိုးရတဲ့အချိန်မှာ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဖြစ်ကတတ်ဆန်းသာ ပြုမူသွားခဲ့ပါတယ်။ ဗီဒီယိုမှာ မြင်တွေ့နေရတဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့ ဒိုက်ထိုးချိန်မှာ လုပ်စရာရှိတာကို ထိရောက်အောင် သေချာလုပ်ဆောင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း ပရိသတ်တွေက အခု တန်ဟက်ခ်နဲ့ ဆန်ချိုဖြစ်ရပ်မှာ တန်ဟက်ခ် မလွန်ကြောင်း၊ ဆန်ချိုအနေနဲ့ ယူနိုက်တက်မှာ ကစားသမားဘဝ ရှေ့ဆက်လိုတယ်ဆိုရင် သူ့ရဲ့ အမူအကျင့်တွေကို ပြင်ဆင်သင့်ကြောင်း ဝေဖန်နေကြပါတယ်။ ဆန်ချိုဟာ အရင်ကလည်း စည်းကမ်းပိုင်းဆိုင်ရာ အနည်းငယ်အားနည်းတဲ့ ကစားသမားအဖြစ် သတင်းထွက်ခဲ့ဖူးပါတယ်။