ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အ၀ ရရှိထားတဲ့ သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာနဲ့ ပတ်သက်ပြီး ကလေး ပြုစု ထိန်းသိမ်းစောင့်ရှောက်နည်းတွေ၊ ထရက်ရှာလေးရဲ့ အကျင့်စရိုက်တွေ အကြောင်းကို မေမေ စန္ဒီမြင့်လွင်နဲ့ တွေ့ဆုံခိုက် မေးမြန်း ဖြစ်ခဲ့ပါတယ်။ 



မေမေထက် ပရိသတ်ပိုများလာတဲ့ ထရက်ရှာ 

ထရက်ရှာလေးရဲ့ လှုပ်ရှားမှု တွေ ချစ်စရာ ကောင်းတဲ့ အပြောအဆို အပြုအမူလေးတွေက တော့ ပရိသတ်တွေကိုအချစ်ပို နေစေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် စန္ဒီမြင့်လွင်ကိုယ်တိုင်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ သမီးလေးရဲ့ လှုပ်ရှားမှုတွေကို အမြဲတစေ မှတ်တမ်း တင်ပေးနေတာကြောင့်လည်း ထရက်ရှာလေးကို ပရိသတ်တွေက အသည်းယားနေကြတာပါပဲ။အဲ့ဒီ့အကြောင်းလေးနဲ့ ပတ်သက်လို့လည်း စန္ဒီမြင့်လွင်က " ကိုယ့်ထက်သူ့ကို ပိုချစ်ကြတာပေါ့နော်။ အခုတော့ သူက ကိုယ့်ထက် ပိုပြီး ဆရာကျသွားတာပေါ့။ သူ့ကိုပိုပြီးချစ်ပေးကြလို့ဝမ်းသာပါတယ်။ ကိုယ့်ကိုဆိုရင်တော့ ချစ်တဲ့သူရှိမယ်။မချစ်တဲ့သူရှိဦးမယ်။ သူ့ကိုကျတော့ အကုန်လုံးက ချစ်ကြတယ်။အဲ့ဒီ့အတွက် ဝမ်းလည်းဝမ်းသာတယ်။ ပျော်လည်းပျော်တယ်။ သမီးလေးလည်း ချစ်ပေးတယ်ဆိုတာကလည်း ကိုယ့်ကိုချစ်တဲ့အခံရှိလို့ ချစ်ပေးကြတာလို့ပဲ မြင်ပါတယ်။သူ့ကိုချစ်ပေးကြတဲ့အတွက် အလုပ်တွေလည်းပိုအဆင်ပြေလာတယ်။အလုပ်တွေလည်းအများကြီးပိုလုပ်လာရတဲ့အတွက် ပျော်ပါတယ် " လို့ ဝမ်းသာပီတိဖြစ်စွာ ပြောပြခဲ့ပါတယ်။ 

ထရက်ရှာလေးကို ဘယ်လိုပြုစုစောင့်ရှောက်ဖြစ်လဲ

"နေ့တိုင်းက သူနဲ့ အချိန်တစ်ရက်တစ်ရက်က ကုန်လို့ ကုန်မှန်းမသိ ကုန်သွားရတယ်။ဒီဒီးက ကြတော့ အလုပ်များသည်ဖြစ် စေ နည်းသည်ဖြစ်စေ ကလေးအလုပ်ကို အရင်ဆုံးလုပ်ပြီးမှ ကိုယ့်ကိစ္စတွေကိုလုပ်တာများတယ်။ ကိုယ်မအားလို့ဆိုရင်တောင်မှ သူ့ကို သေချာ ဂရုစိုက်ပေးတဲ့ အတွက် တစ်ရက်မှ လစ်လပ်သွားတယ်ဆိုတာကတော့ မရှိဘူး။တစ်ခါတစ်လေ ကိုယ်မအားတော့ရင်လည်း သူ့အဖေ ကလည်း ကူထိန်းပေးတဲ့အခါကျတော့ သက်သာတယ်။ ကလေးကလည်း အဖေကပ်တယ်ဆိုတော့ သူတို့သားအဖနှစ်ယောက် လွှတ်ထားလိုက်ရင် ဒီဒီးအတွက်လည်းပိုအဆင်ပြေတယ်။အမျိုးသားကလည်း ကူထိန်းပေးတယ်။သူက အဖေရော အမေရောနှစ်ယောက်စလုံးကိုကပ်တယ်။မိုးလင်းရင် မေမေမေမေနဲ့ ကပ်တယ်။ သူ့အဖေကိုလည်းချွဲတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ်မျှပါတယ်" လို့ဆိုပါတယ်။ 

ထရက်ရှာရဲ့ အမူအကျင့်ကောင်းလေးတချို့ အကြောင်း 

ထရက်ရှာလေးက အစအနောက်သန်တဲ့ ကလေးလေးတစ်ယောက်လို့လည်းသိရပါတယ်။ "သူများကို ကြည့်ပြီးတော့ " အံမယ်" ဆိုပြီး စနောက်တတ်တာ။သူ့မျက်နှာပေးလေးကအစ လူကြီးတစ်ယောက်လိုလုပ်တတ်တယ်။သူနဲ့ နီးနီးကပ်ကပ်နေလေ ပိုစလေပဲ။ ပြီးတော့ သူက အရမ်းဖော်ရွေတယ်။သူများတွေကိုဆိုရင် သူက အရင်လိုက်လိုက်ခေါ်တတ်တယ်။အရမ်းဆော့ချင်တယ်။တစ်ယောက်တည်းမွေးထားတာလည်းဖြစ်တော့ အဖော်မင်တာပေါ့နော်။မမတွေကိုဆို သူတအားချစ်တယ်။ချစ်တတ်တယ်။ဒီးဒီးထက် သူ့အဖေက ပိုသင်ပေးတယ်။ အကုန်လုံးကို ချစ်ရမယ်။မမကိုလည်းချစ်ရမယ်။ ဖေဖေ့ကိုလည်းချစ်ရမယ်။ မေမေ့ကိုလည်းချစ်ရမယ်။အကုန်လုံးကို ချစ်ရမယ်ဆိုပြီးသူ့အဖေကသင်ပေးထားတယ်။စကားပြောရင်လည်းယဉ်ကျေးတယ်။အိမ်မှာလည်းကိုယ်တွေက အော်ဟစ်ပြီးစကားမပြောတတ်တဲ့အခါကျတော့ သူ့အဖေကလည်း ညင်ညင်သာသာပဲပြောတာဆိုတော့စိတ်ဆိုးတာအော်ဟစ်တာမျိုးအဲ့လို မရှိဘူး။၂နှစ်ခွဲရှိပြီဆိုပေမယ့်အရမ်းဆိုးဆိုးရွားရွားမရှိဘူး။ဂျီကျတာ ဘာညာနည်းနည်းပါးပါးတော့ ရှိတာပေါ့။ကိုယ်မထိန်းနိုင်ရလောက်အောင်ထိတော့မဖြစ်ဘူး။သူ့ကို ကြိုပြောထားရင်ရတယ်။ဒီနေ့ပွဲ ဆိုရင်လည်း ပထမသူ့ကို ခေါ်လာဖို့ အစီအစဉ်မရှိဘူး။ဒါပေမယ့်ခေါ်လာဖြစ်တယ်။သူ့ကိုကြိုပြောရတယ်။ဒီလို ကင်မရာတွေ အများကြီး လူတွေ အများကြီးဆိုတာ သူ့အတွက် First Time ပဲလေ။မမတွေရှိမယ်။ကိုကိုတွေရှိမယ်။ထရက်ရှာကို ဓာတ်ပုံတွေရိုက်မယ်။မကြောက်ရဘူးနော်။အကုန်လုံးကို ချစ်ရမယ်ဆိုပြီး သူ့ကို ကြိုပြီး ပြောထားရင်ရတယ်။အဲ့လိုကြိုပြောထားရင် သူက နားထောင်တယ်" လို့ ဒီဒီးက ဆိုခဲ့ပါတယ်။ 

သားသမီးရ ကံကောင်းတယ်လို့ ချီးကျူးခံနေရတဲ့ စန္ဒီမြင့်လွင် 

" အဲ့လိုကြီးတော့ ဒီးမသတ်မှတ်သေးပါဘူး။ဒါပေမယ့်သူက ပြောရင်ရတဲ့ကလေးထဲမှာပါတယ်။အရမ်းကြီးဆိုးလားဆိုတော့လည်း မဆိုးသေးပါဘူး။ဘာမှတော့ပြောလို့မရသေးဘူး။ငယ်သေးတယ်လေ" လို့ ဒီဒီးကဆိုပါတယ်။ 

ထရက်ရှာလေးဟာအခုချိန်မှာတော့ အသက် ၂နှစ်ခွဲအရွယ်ကို ရောက်ရှိလာတာဖြစ်ပြီးမီဒီယာတွေနဲ့ ထိတွေ့တာ ပထမဆုံးအချိန်လည်းဖြစ်ပါတယ်။ မီဒီယာတွေမှာ ထရက်ရှာလေးရဲ့ အကြောင်းတွေကို မိတ်ဆက်ပေးတာလည်း မေမေဒီဒီးအတွက် ပထမဆုံးဖြစ်တာကြောင့် ထရက်ရှာလေးရဲ့ အကြောင်းတွေကို သိချင်နေကြတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က