ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်းသစ် တည်ထောင်လိုက်ကြောင်း ကြေညာပြီးနောက် နာရီပိုင်းအကြာမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့Truth Social လူမှုကွန်ရက်ပလက်ဖောင်းကို ဟက်ကာတွေ ထိန်းချုပ်ခဲ့ပြီး ဝမ်းသွားနေတဲ့ ဝက်ပုံတွေနဲ့ ကျိန်စာပုံတွေ တင်ခဲ့တယ်လို့ ဆိုပါတယ်။
Anonymous လို့ ခေါ်တဲ့ Hacking အဖွဲ့က ဟက်ကာတွေ ပေါင်းပြီး ထရမ့်ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းကို တိုက်ခိုက်ခဲ့တာလို့ The New York Times ကို အဲ့ဒီဟက်ကာတွေက ပြောပါတယ်။ အခုလို လုပ်တာဟာ အမုန်းတရားဆန့်ကျင်ရေးအွန်လိုင်း စစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဟက်ကာတွေဟာ donaldjtrump လို့ နာမည်ပေးထားတဲ့ အကောင့်တုကို သုံးပြီး ဝက်ပုံတွေ တင်ခဲ့သလို ထရမ့်ရဲ့ အကြံပေးအရာရှိဟောင်း စတိဗ်ဘန်နွန်အတွက်ပါ အကောင့်တုတစ်ခု ဖွင့်ခဲ့တာပါ။
Twitter မှာ ပျံ့နှံ့နေသည့် ထရမ့် Truth Social ပလက်ဖောင်း ဆိုက်ဘာတိုက်ခိုက်ခံရသည့်ပုံ
ဒီဟက်ကာတွေဟာ ထရမ့်အပြင် ဒုသမ္မတဟောင်းမိုက်ခ်ပင့်စ် နဲ့ တခြားလူတွေရဲ့ အကောင့်တုတွေပါ ဖန်တီးခဲ့ပြီး အကောင့်တုတွေကနေ memes တွေ တင်ခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော်တို့တွေ အဲ့လို Troll ရတာ လွှတ်ပျော်ကြတာပေါ့ဗျာ" လို့ Anonymous နဲ့ ဆက်စပ်မှုရှိတဲ့ အော့ဘရေးကော့တဲလ်ဆိုတဲ့ ဟက်ကာက The New York Times ကို ပြောပါတယ်။ Fake accounts တွေထဲမှာ Conspiracy (လျှို့ဝှက်အကွက်ဆင်မှုဆိုင်ရာ) သီအိုရီပညာရှင် ရွန် ဝေါ့ကင်းစ်နဲ့ Twitter CEO ဂျက်ခ်ဒေါ်ဆီတို့ရဲ့ နာမည်နဲ့ အကောင့်တုတွေပါ ပါဝင်နေပါတယ်။
Big Tech (အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေ)ရဲ့ အာဏာရှင်ဆန်မှုကို တွန်းလှန်ဖို့ ကိုယ်ပိုင်လူမှုကွန်ရက်ပလက်ဖောင်း Truth Social ကို တည်ထောင်ကြောင်း သမ္မတထရမ့်ရဲ့ ကြေညာချက် ထွက်ပြီး နာရီပိုင်းအတွင်းမှာ ဟက်ကာတွေက ဒီပလက်ဖောင်းကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့တာပါ။ Twitter ပေါ် တက်လာတဲ့ Screenshot တွေမှာ @donaldjtrump အကောင့်မှာ မစင်စွန့်နေတဲ့ ဝက်ပုံတစ်ပုံကိုလည်း ဟက်ကာတွေက တင်ခဲ့တာ ဖြစ်ပါတယ်။
Photo: NPR
အမေရိကန်လူမှုကွန်ရက်ကုမ္ပဏီကြီးတွေနဲ့ ပြဿနာတက်နေတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ Trump Media & Technology Group (TMTG) နာမည်နဲ့ လူမှုကွန်ရက်ကုမ္ပဏီတစ်ခု တည်ထောင်ထားပြီး Truth Social ဆိုတဲ့ app တစ်ခု ဖန်တီးကြောင်း အောက်တိုဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ TMTG ကတော့ လာမယ့် နိုဝင်ဘာမှာ လူမှုကွန်ရက်ဝက်ဆိုက်ပေါ် ဖိတ်ခေါ်မှုတွေ လုပ်ဆောင်ပြီး ၂၀၂၂ ပထမသုံးလပတ်မှာ Public နဲ့ လွှင့်တင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
Twitter ပုံစံ features တွေနဲ့ ဖန်တီးထားတဲ့ Truth Social app ကို အသုံးပြုဖို့ စိတ်ဝင်စားသူတွေဟာ waiting list မှာ ဝင် Join နိုင်သလို Apple App Store မှာလည်း preorder ချိတ်ထားနိုင်တယ်လို့ ဆိုပါတယ်။ ပွဲဦးထွက်မှာ အခုလို ဟက်ကာတွေရဲ့လက်စာမိသွားတာကတော့ ထရမ့်အဖို့ မျက်နှာပန်းမလှစရာလို့ပဲ ဆိုရမှာပါ။