ပီအက်စ်ဂျီနဲ့ တဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ နေမာက ပင်နယ်တီကတဆင့် တဂိုးသွင်းယူခဲ့ပါတယ်။ အဆိုပါပင်နယ်တီမကန်ခင်မှာ ထရွိုင်းယက်စ်ဂိုးသမားမူလင်က နေမာဟာ သူ ကန်သွင်းမယ့်ဘက်ကို ကြိုပြောခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အမှန်တကယ်တော့ မူလင်က နေမာကို ဘယ်ဘက်ကန်မှာလဲဆိုတာကို မေးခဲ့တာဖြစ်ပြီး နေမာကလည်း သူ ကန်သွင်းမယ့်ဘက်ကို အမှန်တကယ်ပြောပြခဲ့တာပါ။
မူလင်က "ကျနော် သူ့ကို စကားစပြောခဲ့တာပါ၊ ဒါကို ငါကာကွယ်နိုင်ရင် ကြယ်ပွင့်တယောက်ဖြစ်လာမှာလားပေါ့၊ ပြီးတော့ သူ့ကိုမေးခဲ့လိုက်တယ်၊ ကျေးဇူးပြုပြီးတော့ မင်း ကန်သွင်းမယ့်ဘက်ကို ပြောပြပါလား၊ ဒီပွဲကို ငါ့အမေ၊ အဖေ၊ အကိုတွေနဲ့ ငါ့မိန်းမလည်း လာကြည့်နေတယ်၊ သူတို့ကို ငါ့အတွက် ဂုဏ်ယူစေချင်တယ်ကွာ" လို့ ပြောဆိုခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
သူတို့နှစ်ဦးဟာလည်း ပင်နယ်တီမကန်သွင်းခင် စကားပြောဆိုနေတာကို မြင်တွေ့ခဲ့ရပါတယ်။ နေမာက အမှန်အတိုင်းဖွင့်ဟခဲ့တဲ့နောက် သူပြောတဲ့ဘက်ကို ကန်သွင်းခဲ့တာဖြစ်ပေမယ့် မူလင်ကတော့ မကာကွယ်နိုင်ခဲ့ပါဘူး။ "သူကန်သွင်းမယ့်ထောင့်ကို ကျနော့်ကို ပြောခဲ့ပါတယ်၊ ကျနော်ထပ်မေးတော့ သူ မပြောတော့ဘူး၊ ဒါနဲ့ ကျနော်လည်း အလယ်မှာပဲ ရပ်နေခဲ့လိုက်တယ်"
"ဒါပေမယ့် သူ ကန်သွင်းတာ အရမ်းကောင်းခဲ့တယ်၊ ကျနော် မကာကွယ်နိုင်ခဲ့ဘူး" လို့ မူလင်က ပြန်လည်ပြောဆိုခဲ့ပါတယ်။ အဆိုပါပွဲက တဖက် ၂ ဂိုးစီသရေကျခဲ့လို့ ထရွိုင်းယက်စ်အတွက်တော့ အဖိုးတန်သရေတမှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နေမာကလည်း ကြိုပြောပြီးတော့ ဝင်အောင်ကန်သွင်းနိုင်ခဲ့လို့လည်း ဒါက အံ့အားသင့်စရာတခုအဖြစ်ရှိနေခဲ့ပါတယ်။