ပိုင်တံခွန်ဟာ ခမောက်ကြီးတောရွာလေးမှာကျင်လည်ခဲ့ရတဲ့ သူ့ရဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ပြောပြလာပါတယ်။
Photo: Paing Takon
ပိုင်တံခွန်ဟာ ငယ်ဘဝ ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာခဲ့ပါတယ်။ သူက ပြည့်ပြည့်စုံစုံ မနေခဲ့ရတဲ့ မိသားစုဘဝလေးကနေ ဖြတ်သန်းလာရသူ ဖြစ်ပေမယ့် စိတ်ဓာတ်မကျတဲ့အကြောင်း သူက ပြောပါတယ်။
" နှစ်ဆန်းတစ်ရက်နေ့မှာ အဖေအမေကိုကန်တော့ဖို့ အမေ့အိမ်သွားရင်း ငယ်တုန်းက ပုံလေးတွေ အမှတ်တရ ရှာခဲ့တာ။ အဲဒီအချိန်ကတော့ ခမောက်ကြီးဆိုတဲ့ တောရွာလေးပေါ့ ။ ဒါကြောင့် ကျွန်တော့်ကို တောသားလို့ခေါ် တိုင်း ငယ်ဘဝကို လွမ်းလို့ အမြဲတမ်း ပြုံးမိတယ်။ အခုတော့ ကျွန်တော်ကြီးပြင်းတဲ့ဒေသလေးက လမ်းတွေ ကောင်းပြီး ပိုလို့တောင်နေချင်စရာကောင်းတဲ့ ခမောက်ကြီးမြို့လေးဖြစ်နေပြီ။ မပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်ထားလို့ စိတ်မရှုပ်နဲ့နော် အားလည်းမငယ်နဲ့ အရာရာပြည့်စုံနေတဲ့ဘဝထက် မပြည့်စုံတဲ့ဘဝကို ပြည့်စုံအောင်ဖြည့်ဆည်းရတဲ့ဘဝက ရှင်သန်ရတာပိုပြီးတန်ဖိုးရှိပါတယ်။ Fighting" ဆိုပြီးတော့ ဧပြီလ ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Paing Takon
လက်ရှိမှာတော့ ပိုင်တံခွန်က အောင်မြင်မှုအခိုင်အမာရရှိထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေသာမက ထိုင်းနိုင်ငံ က ပရိသတ်တွေကလည်း သည်းသည်းလှုပ်အားပေးခဲ့ကြတာတွေ့ရပါတယ်။ အဲဒီနောက် ကမ္ဘောဒီးယားနိုင်ငံမှာလည်း သူ့ကို ချစ်တဲ့ ပရိသတ်အများကြီး ရှိလာပြီလို့လည်း သိရပါတယ်။ ပိုင်တံခွန်အနေနဲ့ ၂၀၁၉ ခုနှစ်အတွင်းက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး၊ ထိုင်းလူမျိုး ပရိသတ်တွေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
Photo: Paing Takon
ပိုင်တံခွန်ဟာ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင်တွေနဲ့လည်း လက်တွဲအလုပ်လုပ်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ သူက မော်ဒယ်လ်အလုပ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ကူးနေရပြီဖြစ်သလို ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ "ချစ်သူ" ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။