ဘရာဇီးမှာ COVID-19 ကူးစက်ခံရသူ ၃၃၀,၀၀၀ ကျော်အထိ မြင့်တက်လာပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ တောင်အမေရိကဟာ COVID-19 ကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာအသစ် ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယမန်နေ့ (မေ ၂၂ ရက်) မှာ ပြောပါတယ်။

(Photo: Reuters)

တောင်အမေရိကဒေသတွင်း COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီးနောက် WHO က ထိုသို့ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ "တောင်အမေရိကဟာ ရောဂါကူးစက်ဖြစ်ပွားမှု ဗဟိုချက်နေရာသစ် ဖြစ်လာပါတယ်၊ တောင်အမေရိက နိုင်ငံအများအပြားမှာ COVID-19 ကူးစက်ခံမှုတွေ မြင့်တက်နေပါတယ်" လို့ WHO အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mike Ryan က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။



(Photo: Bruno Kelly/Reuters)

တောင်အမေရိက နိုင်ငံအများအပြားမှာ စိုးရိမ်စရာဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန်မှာ ဘရာဇီးက ကူးစက်မှုဖြစ်ပွားမှု အခြေအနေ အဆိုးဆုံးဖြစ်နေကြောင်းလည်း ၎င်းကဆိုပါတယ်။ ယနေ့ (မေ ၂၃ ရက်) မနက်ပိုင်းအထိ စာရင်းတွေအရ ဘရာဇီးမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၂၁,၀၀၀ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဘရာဇီးမှာ COVID-19 ကူးစက်ခံရသူ ၃၃၀,၀၀၀ ကျော်ထိ မြင့်တက်လာပြီး ပြန်လည်သက်သာသူ ၁၃၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: AFP)

အမေရိကန်ပြီးလျှင် ဘရာဇီးက ကမ္ဘာတစ်ဝှမ်း ကူးစက်မှုအများဆုံး ဒုတိယမြောက်နိုင်ငံလည်း ဖြစ်လာကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။ COVID-19 ကြောင့် သေဆုံးမှုအရေအတွက်မှာလည်း ဘရာဇီးက အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်နဲ့ စပိန်ပြီးလျှင် သေဆုံးမှုအများဆုံး ဆဋ္ဌမမြောက် နိုင်ငံလည်းဖြစ်နေပါတယ်။ ဘရာဇီးမှာ ဗိုင်းရပ်စ် စစ်ဆေးနိုင်မှု နည်းပါးခြင်းကြောင့် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုဟာ ယခု ကိန်းဂဏန်းတွေထက် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ 

Share

Loading Next Article...
က္က