မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကို တွေ့ခဲ့ရပါတယ်။

တောင်ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝမတန်း (F) အခန်းမှ ကျောင်းသား (၁၃) ဦးဟာ WY စိတ်ကြွဆေးပြားအပါအဝင် ဆေးခြောက်ပါဆေးလိပ်တွေကို သုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက Duwun ကိုပြောပါတယ်။

Photo- U Nyi Nyi Fb

နိုဝင်ဘာ (၂၈) ရက်နေ့က အဆိုပါ ကျောင်းသားတွေဆီကနေ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ပိုက်၊ ခဲပတ်နဲ့ အမှုန့်ချေလို့ရတဲ့ပစ္စည်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆရာမတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကျောင်းသားတွေကိုတော့ ကျောင်းစည်းကမ်းနဲ့ အညီ အရေးယူမှုတွေ ပြုလုပ်ထားပြီး ကျောင်းယာယီရပ်နားခွင့်ပေးထားကာ မိဘတွေထံ ပြန်လည်အပ်နှံထားတယ်လို့ ဆိုပါတယ်။

“ ကျွန်တော့်ဆီကို ဒီဇင်ဘာ ၁ ရက်နေ့ညကသတင်းရောက်ပါတယ်။ ကျောင်းသားတွေလက်ထဲမှာ တော့ ပိုက်နဲ့ ခဲပတ်ပြားတွေကို တွေ့တာပါ။ မေးရင်းနဲ့မှ သူတို့ ဆေးခြောက်တွေသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရတယ်။ အဓိကကတော့ ဒီမူးယစ်ဆေးတွေ လိုက်လံဖြန့်ဖြူးတဲ့ ပင်မရင်းမြစ်ကို လိုက်လံစုံစမ်းဖို့ မြို့နယ်ရဲစခန်းက ဆက်လုပ်သွားမှာပါ။ “ လို့ ဦးညီညီက ဆိုပါတယ်။

ဒါ့အပြင် တောင်ဒဂုံမြို့နယ်အတွင်းမှာ ရှိတဲ့အခြေခံပညာကျောင်းအားလုံးကို မူးယစ်ဆေးဝါးနဲ့ အသိပညာပေးလှုပ်ရှားမှုတွေကို အမြန်ဆုံးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

စာသင်ကျောင်းများရဲ့ပေ ၁၀၀ အနီးမှာ ဆေးလိပ်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေကို ရောင်းချခွင့်မပြုဖို့ တားမြစ်ထားပေမယ့် ဒီလို တားမြစ်ချက်ကို ထပ်တိုးသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုပါတယ်။

အခုလို ကျောင်းသားတွေ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အခြေခံပညာကျောင်းအားလုံးမှာ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်လို့ ဦးညီညီက သုံးသပ်ပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရွယ်မရောက်သေးတဲ့ကလေးသူငယ်များနဲ့ ကျောင်းသားလူငယ်များ အကြားမှာ ဖြစ်ပွားနေတဲ့ မူးယစ်စိတ်ကြွဆေးပြား (WY) သုံးစွဲမှု ပပျောက်ရေးအစီအမံချမှတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်း အဆိုကို စက်တင်ဘာ (၁၉) ရက်က လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အဆိုတင်သွင်းထားပြီး လွှတ်တော်က သဘောတူထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က