ကိုရိုနာဗိုင်းရစ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်တာတွေကို တိုက်ဖျက်ဖို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က ပြောလိုက်ပါတယ်။
Photo- Ministry of Health and Sports, Myanmar
ဒီရောဂါဟာ တိရစ္ဆာန်တွေက တစ်ဆင့်ကူးစက်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားတာကြောင့် တရုတ်နိုင်ငံမှာတိရစ္ဆာန်တွေ ရောင်းဝယ်သယ်ဆောင်တာကို တင်းကျပ်စွာ ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းတွေမှာ တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ခြင်းတွေကို တိုက်ဖျက်ဖို့ အတွက်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လိုတယ်လို့ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai က ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်က နေပြည်တော်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးကို တရုတ်နိုင်ငံသံအမတ်ကြီးက သွားရောက်တွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာာမြင့်ထွေးက တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အထူးကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ နယ်နိမိတ်ထိစပ်မှုများတာကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနဲ့ သံသယလူနာနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေကို လိုက်လံစုံစမ်းထောက်လှမ်းခြင်းတွေကို အထူးအလေးထားဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။
အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေ ရှိပေမယ့်လည်း ဓာတ်ခွဲအတည်ပြု လူနာတစ်ဦးမှ မရှိသေးသလို ဆေးရုံတွေမှာ စောင့်ကြည့်ကုသမှုပေးနေတဲ့လူနာတွေမှာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ဝန်ကြီးကဆိုပါတယ်။
တရုတ်နိုင်ငံဟာလည်း အလွန်တောင့်တင်းခိုင်မာတဲ့ ပြည်သူ့ကျန်းမာရေးကွန်ယက်နဲ့ အရည်အသွေး ပြည့်ကုသနိုင်တဲ့ ဆေးရုံကြီးတွေ ရှိတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ အောင်မြင်စွာထိန်းချုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။
Share