လူတစ်ဦး သေဆုံးပြီး လူ ၂,၀၀၀ ကျော်ကို ရွှေ့ပြောင်းထားခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံကို တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး လူဦးရေ ၂,၀၀၀ ကျော်ကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်တွေက ယနေ့ (စက်တင်ဘာ ၃ ရက်) ပြောပါတယ်။

(Photo: Ed Jones/AFP)

တိုင်ဖွန်းမေဆက်ခ် (Typhoon Maysak) ဟာ ဒေသစံတော်ချိန် ယနေ့ မနက်အစောပိုင်းမှာ တောင်ကိုရီးယား တောင်ပိုင်းကမ်းရိုးတန်းရှိ ဘူဆန်မြို့မှာ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မီးပွိုင့်များနဲ့ သစ်ပင်များလဲပြိုကျကာ လမ်းမများ ရေကြီးနေခဲ့ကြောင်း သိရပါတယ်။ ဘူဆန်မှာ လေပြင်းတိုက်ခတ်မှုကြောင့် တိုက်ခန်းပြတင်းပေါက်မှကွဲရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ‌နောက်ထပ် သေဆုံးသူအမျိုးသားတစ်ဦးမှာ နေအိမ်ခေါင်မိုး မိုးယိုနေတာကို တက်ရောက်ပြင်ဆင်စဥ် လိမ့်ကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။



အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ လေပြင်းတိုက်မှုကြောင့် အိမ်အပြင်မှာထားတဲ့ ရေခဲသေတ္တာတစ်လုံး ၎င်းအပေါ်သို့ ပြိုလဲကျပြီး ဒဏ်ရာရခဲ့ပါတယ်။ မုန်တိုင်းအန္တရာယ်ကြောင့် လူဦးရေ ၂,၂၀၀ ကျော်ကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းထားခဲ့ပြီး တောင်ကိုရီးယား တောင်ပိုင်းဒေသတစ်လျှောက် နဲ့ ဂျေဂျူကျွန်း (Jeju Island) မှာ နေအိမ် ၁၂၀,၀၀၀ ခန့်မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။


တိုင်ဖွန်းမေဆက်ခ်ဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းကနေ ဂျပန်ပင်လယ်ပြင် (Sea of Japan) အတွင်း လေတိုက်နှုန်း တစ်နာရီလျှင် ၈၇ မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျား တိုက်ခတ်နေတယ်လို့ ဆိုပါတယ်။ တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုအရှိန်ဟာ တောင်ကိုရီးယားမှာ တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုးလေဝသဌာနက ပြောထားပြီး နိုင်ငံအရှေ့ပိုင်းဒေသတွေမှာတော့ မိုးသည်းထန်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

တိုင်ဖွန်းမေဆက်ခ်ဟာ မြောက်ကိုရီးယားနိုင်ငံ North Hamgyong ပြည်နယ် Kimchaek မြို့ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းဝန်းကျင်မှာ နောက်တစ်ကြိမ် ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားကြောင်း AFP သတင်းက ဖော်ပြပါတယ်။

(Photo: KCNA)

မြောက်ကိုရီးယားမှာ မုန်တိုင်းအန္တရာယ် သတိပေးချက်ကို တိုးမြှင့်ထုတ်ပြန်ထားပြီး မုန်တိုင်းအခြေအနေကို တိုက်ရိုက်ထုတ်လွှင်နေတယ်လို့ ဆိုပါတယ်။ မေဆက်ခ်ဟာ ကိုရီးယားကျွန်းဆယ်ကို တစ်ပတ်အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒုတိယမြောက် တိုင်ဖွန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဩဂုတ် ၂၇ ရက်နေ့မှာ တိုင်ဖွန်းဘာဗီ (Typhoon Bavi) ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စိုက်ပျိုးရေးနယ်မြေတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သွားရောက်ကြည့်ရှုခဲ့ပြီး မျှော်လင့်ထားတာထက် ထိခိုက်ပျက်စီးမှု နည်းပါးခဲ့ကြောင်း ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က