တောင်ကိုရီးယားကို ပညာတော်သင်သွားပြီး ဒီကနေ့ဖေဖော်ဝါရီလ(၂၈)ရက်နေ့ မနက်ပိုင်းက ရန်ကုန်ကိုပြန်လည်ရောက်ရှိလာတဲ့ မြန်မာကျောင်းသူ(၇)ဦးကို ဘောဂီဆေးရုံမှာ သီးသန့်ထားပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အဆိုပါ ကျောင်းသူ (၇)ဦးရဲ့ ကျန်းမာရေးမှာ ကောင်းမွန်နေသော်လည်း လက်ရှိမှ ရောဂါကူးဆက်မှုခံနေရတဲ့ နိုင်ငံကပြန်လာတာကြောင့် စိတ်ချရအောင် စောင့်ကြည့်တဲ့ သဘောပါလို့ ဗဟိုကူးဆက်ပြန့်ပွားမှုထိန်းသိမ်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwunကိုပြောပါတယ်။
“ စောင့်ကြည့်တယ်ဆိုတာက သံသယရှိလို့လဲမဟုတ်ပါဘူး။ အခုချိန်မှာ ဒီရောဂါနဲ့ ပတ်သက်ပြီး ရောဂါကူးဆက်ခံနေရတဲ့ နိုင်ငံတွေက ပြန်လာရင် ဘယ်သူမဆို စိတ်ချရအောင်စောင့်ကြည့်တဲ့သဘော။ အခုကျောင်းသူ (၇)ဦးကိုလည်း အဲဒီလိုပါပဲ။ သူတို့မှာ သံသယဖြစ်စရာဘာလက္ခဏာမှတော့ မရှိဘူး။ ဒါပေမယ့် သူတို့မိသားစုအားလုံးအတွက်လည်းစိတ်ချရအောင် သူတို့ကိုအသွားအလာတားဆီးပိတ်ပင်တဲ့သဘောပါ” လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
လက်ရှိမှာတော့တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ထိ ရောဂါကူးစက်ခံရသူ (၂၀၀၀)ကျော်ရှိနေပြီး သေဆုံးသူ (၁၀)ဦးအထက်မှာရှိနေပါပြီ။
သေဆုံးမှုတွေ၊ ကူးဆက်မှုတွေဆက်လက်မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးဆက်ခံရမှုက မနေ့ကဖေဖော်ဝါရီ (၂၇)ရက်နေ့ထိ နိုင်ငံပေါင်း(၃၇)နိုင်ငံမှာကူးဆက်နေပြီး ဒီနေ့မှာတော့ နိုင်ငံပေါင်း(၄၆)နိုင်ငံထိကူးဆက်လာပြီဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး ကိုယ့်နိုင်ငံမှာပဲ ဓာတ်ခွဲစစ်ဆေးနိုင်နေပြီဖြစ်လို့ စောင့်ကြည့်လူနာတွေမှာ ရောဂါပိုး ရှိ၊မရှိကိုလည်း အချိန်မြန်ဆန်စွာနဲ့ စစ်ဆေးအတည်ပြုပေးလျှက်ရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။