အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုနဲ့ သေဆုံးမှုတွေ ဆက်လက် မြင့်တက်နေခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် သတိပေးချက်ကို မြင့်ဆုံးအဆင့်အဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းအထိ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကြောင့် လူ ၆ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၆၀၂ ဦး တွေ့ရှိထားပါတယ်
(Photo: AFP)
တောင်ကိုရီးယားမှာ COVID019 ဗိုင်းရပ်စ်ကြောင့် နောက်ထပ် လူသေဆုံးဦး သေဆုံးမှုနဲ့ ကူးစက်ခံရသူ ၁၆၉ ဦး ထပ်မံ တွေ့ရှိလာရပြီးနောက် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ သမ္မတမွန်ဂျေအင်းက သတိပေးချက်ကို အမြင့်ဆုံးအဆင့် သတ်မှတ်ကြေညာလိုက်တာ ဖြစ်ပါတယ်။
COVID-19 က အရေးတကြီး စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်လာကြောင်းနဲ့ လာမယ့် ရက်အနည်းငယ်ဟာ သေရေးရှင်ရေးတမျှ ဖြစ်လာမယ်လို့ ဗိုင်းရပ်စ်ကိစ္စ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။ တောင်ကိုရီးယားမှာ ရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် သိသာစွာ မြင့်တက်လာခဲ့ပါတယ်။
(Photo: AFP)
ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းအထိ တရားဝင် စာရင်းတွေအရ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကြောင့် လူ ၆ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၆၀၂ ဦး စစ်ဆေးတွေ့ရှိထားပါတယ်။ တောင်ကိုရီးယားအပြင် ဥရောပမှ အီတလီနိုင်ငံနဲ့ အရှေ့အလယ်ပိုင်းမှ အီရန်နိုင်ငံတို့မှာလည်း COVID019 ဗိုင်းရပ်စ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက် ရက်ပိုင်းအတွင်း သိသာစွာ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
အီတလီမှာ စီးရီးအေ ဘောလုံးပွဲစဥ်လေးပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်
အီတလီမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် Veneto နဲ့ Lombardy ဒေသရှိ မြို့တွေမှာနေထိုင်ကြတဲ့ လူဦးရေ ၅၀,၀၀၀ ကို အထူးခွင့်ပြုချက်မရှိဘဲ အဝင်အထွက်မပြုလုပ်ရန် ပိတ်ပင်ထားပါတယ်။ အီတလီမှာ ထိုသို့ ပိတ်ပင်ထားတဲ့ နယ်မြေပြင်ပရှိ စီးပွားရေးလုပ်ငန်းနဲ့ စာသင်ကျောင်း အများအပြားကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။
(Photo: AFP)
ထို့အတူ အီတလီစီးရီးအေ ဘောလုံးပွဲစဥ်တွေအနက် အင်တာမီလန်နဲ့ ဆမ်ဒိုးရီးယား၊ တိုရီနိုနဲ့ ပါးမား၊ ဗီရိုနာနဲ့ ကက်ဂလီယာရီ၊ အတ္တလန္တာနဲ့ ဆက်ဆူအိုလို ပွဲစဥ်လေးပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်းလည်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းအထိ စာရင်းတွေအရ အီတလီမှာ COVID019 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၂ ဦးအထိ မြင့်တက်လာပြီး ၂ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ထိုအတောအတွင်း အရှေ့အလယ်ပိုင်းဒေသမှ အီရန်နိုင်ငံမှာလည်း ရက်ပိုင်းအတွင်းမှာပင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး ၈ ဦး သေဆုံးခဲ့ပါတယ်။ အီရန်မှာ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ရန် Qom မြို့နဲ့ အနီးအနားရှိ Arak မြို့တို့မှာ ကျောင်းများနဲ့ တက္ကသိုလ်များ ပိတ်ထားကြောင်း သိရပါတယ်။
(Photo: AFP)
လတ်တလော ရက်ပိုင်းအတွင်း COVID019 ဗိုင်းရပ်စ်ကူးစက်မှုနှုန်ဟာ တရုတ်ပြည်မကြီးမှာ လျော့ကျနေခဲ့ပေမဲ့ တောင်ကိုရီးယား၊ အီတလီနဲ့ အီရန် အပါအဝင် တရုတ်ပြည်မကြီးပြင်ပမှာ မြင့်တက်လာခဲ့ပြီး ထိုအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က စိုးရိမ်နေပါတယ်။
ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းအထိ COVID019 ဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မကြီးမှာ ၂,၄၄၂ ဦး၊ အီရန်မှာ ၈ ဦး၊ တောင်ကိုရီးယားမှာ ၆ ဦး၊ ဂျပန်မှာ ၄ ဦး၊ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ ၃ ဦး၊ အီတလီနဲ့ ဟောင်ကောင်မှာ ၂ ဦးစီ၊ ထိုင်ဝမ်၊ ပြင်သစ်နဲ့ ဖိလစ်ပိုင်မှာ ၁ ဦးစီ သေဆုံးခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက် ၂,၄၇၀ ဦးရှိလာပါတယ်။
ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈,၈၈၃ ဦးအထိ မြင့်တက်လာပါတယ်
(Photo: AFP)
ဖေဖေါ်ဝါရီ ၂၃ ရက် ညပိုင်းအထိ တရုတ်ပြည်မကြီးမှာ ၇၆,၉၃၉ ဦး အပါအဝင် ကမ္ဘာတစ်ဝှမ်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၈,၈၈၃ ဦးအထိ မြင့်တက်လာပြီး ပြန်လည်သက်သာသွားသူ ၂၃,၃၇၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။ COVID-19 အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့နေမှုကို ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဇန်နဝါရီ ၃၀ ရက်နေ့မှာ သတ်မှတ်ကြေညာထားပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံအသီးသီးက ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေပါတယ်။
Source: AFP, CNA, B
BC
Share