COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဧရိယာရှိ ကျောင်းများနဲ့ မူလတန်းကျောင်းများ အားလုံးကို ပိတ်ထားရန် တာဝန်ရှိသူတွေက ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။
(Photo: AFP)
ဆိုးလ်ဧရိယာရှိ ကျောင်းများအားလုံးဟာ စက်တင်ဘာ ၁၁ ရက်နေ့အထိ အွန်လိုင်းမှ သင်ကြားမှုတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဆိုးလ်မြို့တော်ဧရိယာ (greater Seoul area) ရှိ ဝန်ထမ်းနဲ့ ကျောင်းသူကျောင်းသား ၂,၀၀၀ နီးပါး COVID-19 ကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ယခုအခါ လူဦးရေ ၂၅ သန်းကျော်ရှိတဲ့ ဆိုးလ်မြို့တော်ဧရိယာအတွင်းမှ အထက်တန်းအဆင့် နောက်ဆုံးနှစ်ကလွဲပြီး ကျောင်းသူကျောင်းသား အားလုံးဟာ အွန်လိုင်းမှတစ်ဆင့် သင်ယူရမယ်လို့ ဆိုပါတယ်။ အထက်တန်းအဆင့် နောက်ဆုံးနှစ် ကျောင်းသူကျောင်းသားတွေဟာ ၎င်းတို့ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို လာမယ့် ဒီဇင်ဘာလမှာ ဖြေဆိုကြရမှာလည်း ဖြစ်ပါတယ်။
(Photo: AP)
ကျောင်းသူကျောင်းသားဦးရေ ၆၀ အောက် လျော့နည်းတဲ့ ကျောင်းတွေကိုတော့ ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုများအတိုင်း ပိတ်ထားခြင်းပြု မပြု ရွေးချယ်ဆုံးဖြတ်ရန် ခွင့်ပြုထားကြောင်း Korea Times သတင်းက ပြောပါတယ်။ တောင်ကိုရီးယား စာသင်ကျောင်းတွေကို COVID-19 ကူးစက်မှုများ လျော့ကျသွားပြီလို့ ယူဆခဲ့ရပြီးနောက် ပြီးခဲ့တဲ့ မေ ၂၀ ရက်နဲ့ ဇွန် ၁ ရက်အတွင်း အဆင့်လိုက် ပြန်ဖွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၇,၉၄၅ ဦး၊ သေဆုံးသူ ၃၁၀ ဦးနဲ့ ပြန်လည်သက်သာသူ ၁၄,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။ တစ်ကျော့ပြန် မြင့်တက်လာတဲ့ တောင်ကိုရီးယားမှ ကူးစက်မှုအသစ်အများစုကို နိုင်ငံရဲ့လူဦးရေထက်ဝက် နေထိုင်ကြတဲ့ ဆိုးလ်မြို့တော်ဧရိယာမှာ တွေ့ရှိခဲ့ရပြီး ကျန်းမာရေးတာဝန်ရှိသူတွေက တစ်နိုင်ငံလုံး ကူးစက်မှုဖြစ်ပွားတော့မယ့် အခြေအနေဖြစ်ကြောင်း သတိပေးထားခဲ့ပါတယ်။
(Photo: AFP)
ပြီးခဲ့တဲ့ သီတင်းပတ်မှစပြီး ဆိုးလ်မြို့တော်ဧရိယာမှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်တွေကို တင်းကျပ်ထားခဲ့ပြီး တနင်္ဂနွေနေ့ (ဩဂုတ် ၂၃ ရက်) မှာတော့ ကျန်ရှိတဲ့ တစ်နိုင်ငံလုံးကို တိုးချဲ့သတ်မှတ်ထားပါတယ်။ ကူးစသက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်များမှာ ဘာသာရေးအခမ်းအနားကဲ့သို့ လူအများအကြားစုဝေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ နိုက်ကလပ်၊ ကာရာအိုကေ၊ ဘားဆိုင်နဲ့ ဆိုက်ဘာကဖေးဆိုင်များ ပိတ်ထားစေခြင်းတို့ ပါဝင်ပါတယ်။
တောင်ကိုရီးယားအာဏာပိုင်တွေက COVID-19 ကူးစက်မှုအသစ်တွေ လျင်မြန်စွာ ဆက်လက် မြင့်တက်နေပါက စီးပွားရေးလုပ်ငန်းတွေ ပိတ်ရမယ့် ပိုမိုတင်းကျပ်တဲ့ လူအချင်းချင်း ခပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်းတွေ ချမှတ်ဆောင်ရွက်မယ်လို့ သတိပေးထားကြောင်း သိရပါတယ်။