ဩဂုတ် ၂၆ ရက် ထုတ်ပြန်မှုအရ တောင်ကိုရီးယားမှာ ကူးစက်ခံရသူ နောက်ထပ် ၄၄၁ ဦး တိုးလာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မတ်လနောက်ပိုင်း နေ့အလိုက် COVID-19 ကူးစက်မှု အမြင့်ဆုံးဖြစ်လာခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းတွေကို ဝန်ထမ်းများအား နေအိမ်မှ အလုပ်လုပ်စေရန် တာဝန်ရှိသူတွေက ယနေ့ (ဩဂုတ် ၂၇ ရက်) တိုက်တွန်းလိုက်ပါတယ်။

(Photo: Reuters)

ကော်လ်စင်တာများနဲ့ ကုန်ပစ္စည်းပို့ဆောင်‌ရေး ဂိုထောင်တွေမှာ ကူးစက်မှုအသစ် အစုအဝေးအသစ်များ အန္တရာယ်ရှိကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဩဂုတ် ၂၆ ရက် ထုတ်ပြန်မှုအရ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၄၄၁ ဦး တိုးလာခဲ့ပြီး မတ်လအစောပိုင်းမှစပြီး နေ့အလိုက် အများဆုံးဖြစ်လာကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (Korea Centers for Disease Control and Prevention - KCDC) က ထုတ်ပြန်ပါတယ်။



လတ်တလော ကူးစက်မှုတွေဟာ ဘုရားကျောင်းတစ်ခုနဲ့ ယခုလအစောပိုင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုမှ အများဆုံးဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ဆိုပါတယ်။ လူဦးရေများပြားတဲ့ လုပ်ငန်းခွင်တွေဟာ ကူးစက်မှုအစုအဝေးအသစ် ဖြစ်လာနိုင်ခြေရှိကြောင်းလည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

(Photo: AFP)

လုပ်ငန်းခွင်တွေမှာ ကူးစက်မှုအန္တရာယ်နည်းစေရန် လုပ်ငန်းခွင်သို့လာရောက်တဲ့ ဝန်ထမ်းအရေအတွက် လျှော့ချပြီး အလုပ်ချိန်ပြင်ဆင်ရန်နဲ့ နေအိမ်မှ အလုပ်လုပ်ရန်၊ အလုပ်ချိန်များ ခွဲခြားထားရန် ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကနဦး COVID-19 ကူးစက်မှုတွေကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လတ်တလော သီတင်းပတ်များအတွင်း အဓိကအားဖြင့် ဆိုးလ်မြို့တော်ဧရိယာမှာ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် ဆိုးလ်မြို့တော်ဧရိယာရှိ ကျောင်းများအားလုံးကို ပြန်ပိတ်ထားခဲ့ပါတယ်။ ဆိုးလ်မြို့တော်ဧရိယာမှာ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်တွေကို တင်းကျပ်ထားခဲ့ပြီး တနင်္ဂနွေနေ့ (ဩဂုတ် ၂၃ ရက်) မှာတော့ ကျန်ရှိတဲ့ တစ်နိုင်ငံလုံးကို တိုးချဲ့သတ်မှတ်ထားပါတယ်။

(Photo: Reuters)

ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်ချက်များမှာ ဘာသာရေးအခမ်းအနားကဲ့သို့ လူအများအကြားစုဝေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ နိုက်ကလပ်၊ ကာရာအိုကေ၊ ဘားဆိုင်နဲ့ ဆိုက်ဘာကဖေးဆိုင်များ ပိတ်ထားစေခြင်းတို့ ပါဝင်ပါတယ်။ လူဦးရေ ၂၅ သန်းကျော် နေထိုင်ကြတဲ့ ဆိုးလ်မြို့တော်ဧရိယာမှာ ကူးစက်မှုအသစ်အများစုကို တွေ့ရှိခဲ့ရပြီးနောက် ကျန်းမာရေးတာဝန်ရှိသူတွေက တစ်နိုင်ငံလုံး ကူးစက်မှုဖြစ်ပွားတော့မယ့် အခြေအနေဖြစ်ကြောင်း အစောပိုင်းမှာ သတိပေးထားခဲ့ပါတယ်။ တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၈,၇၀၆ ဦး၊ သေဆုံးသူ ၃၁၃ ဦးနဲ့ ပြန်လည်သက်သာသူ ၁၄,၀၀၀ ကျော်ရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က