နေပြန်ကောင်းသွားသူတွေထံမှာ ဗိုင်းရပ်စ်ပြန်တွေ့ရမှုတွေ မြင့်တက်လာမှုပေါ် စိုးရိမ်ပူပန်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နေပြန်ကောင်းသွားခဲ့ပြီးဖြစ်တဲ့ COVID-19 လူနာများထံမှာ ဗိုင်းရပ်စ် ပြန်လည်တွေ့ရှိရမှုတွေ ပိုများလာကြောင်း သိရပါတယ်။

(Photo: Jung Yeon-je/AFP via Getty Images)

တောင်ကိုရီးယား တာဝန်ရှိသူတွေက ယနေ့ (ဧပြီ ၁၃ ရက်) ထုတ်ပြန်မှုအရ ထိုသို့ ဗိုင်းရပ်စ်ပြန်တွေ့ရသူ ၁၁၆ ဦးထက်မနည်းရှိပါတယ်။ ယနေ့ စာရင်းတွေအရ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေ့ရှိမှု ၂၅ ဦးသာ ရှိခဲ့ပေမဲ့ နေပြန်ကောင်းသွားသူတွေထံမှာ ဗိုင်းရပ်စ်ပြန်တွေ့ရမှုတွေ မြင့်တက်လာမှုပေါ် စိုးရိမ်ပူပန်နေကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။



ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ဗိုင်းရပ်စ် နောက်တစ်ကြိမ် ပြန်လည်တွေ့ရှိရမှုအပေါ် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ သို့သော် တောင်ကိုရီးယားရဲ့ Korea Centers for Disease Control and Prevention (KCDC) ညွှန်ကြားရေးမှူး Jeong Eun-kyeong ကတော့ လူနာတွေဟာ နောက်တစ်ကြိမ် ကူးစက်ခံရတာထက် ၎င်းတို့ထံမှ ဗိုင်းရပ်စ် ပြန်ရှင်သန်လာတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

(Photo: Yonhap/AFP)

အခြား ကျွမ်းကျင်သူတွေကတော့ ဗိုင်းရပ်စ် စစ်ဆေးမှု အမှားအယွင်းကြောင့်ဖြစ်နိုင်ကြောင်း သို့မဟုတ်ပါကလည်း လူနာရဲ့ ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်အကြွင်းအကျန်များ ရှိနေဆဲဖြစ်ပေမဲ့ လူနာကို အန္တရာယ်မဖြစ်စေနိုင်ခြင်း သို့မဟုတ် အခြားသူတွေကို မကူးစက်နိုင်ခြင်း အခြေအနေဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

တောင်ကိုရီးယားမှာ နေပြန်ကောင်းသွားခဲ့ပြီးဖြစ်တဲ့ COVID-19 လူနာများထံ ဗိုင်းရပ်စ်ပြန်တွေ့ရမှုဟာ ယခင်တစ်ပတ်က ၅၁ ဦးရှိခဲ့ရာမှာ ယခုအခါ ၂ ဆဖြစ်လာပြီး ၁၁၆ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ဗိုင်းရပ်စ် စစ်ဆေးမှုနှုန်း မြင့်မားစွာ လုပ်ဆောင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ လူဦးရေ ၅၁၄,၆၂၁ ဦးကို စစ်ဆေးခဲ့ပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားက အမေရိကန်သို့လည်း ဗိုင်းရပ်စ် စစ်ဆေးကိရိယာ ၆၀၀,၀၀၀ ကို ဧပြီ ၁၄ ရက်မှာ ပထမအသုတ် ပေးပို့သွားမယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ အများဆုံးဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတဒေါ်နယ်ထရန့်က အကူအညီတောင်းမှုအရ ဗိုင်းရပ်စ် စစ်ဆေးကိရိယာများ ပို့ဆောင်ပေးသွားမယ်လို့ တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတစ်ဦးက ယနေ့ ပြောပါတယ်။

တောင်ကိုရီးယားမှာ အစိုးရခေါင်းဆောင်တွေက ပြည်သူတွေအနေနဲ့ COVID-19 ကူးစက်မှုတိုက်ဖျက်ရေး ညွှန်ကြားချက်တွေနဲ့ ကန့်သတ်ချက်တွေကို ဆက်လက် လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပါတယ်။ သို့သော် ထိုအစီအမံတွေကို မကြာမီကာလအတွင်း ရုပ်သိမ်းနိုင်ဖွယ်ရှိကြောင်းလည်း တောင်ကိုရီးယားခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

(Photo: Reuters)

ယနေ့ ညနေပိုင်းအထိ စာရင်းတွေအရ တောင်ကိုရီးယားမှာ COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀,၅၃၇ ဦး၊ သေဆုံးသူ ၂၁၇ ဦးနဲ့ ပြန်လည်သက်သာသူ ၇,၄၄၇ ဦးရှိခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားမှာ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ လက်ရှိကာလအတွင်း လွှတ်တော်ရွေးကောက်ပွဲတွေကို ဧပြီ ၁၅ ရက်နေ့ကမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ကြိုတင်မဲပေးမှုတွေကို ဧပြီ ၁၀ နဲ့ ၁၁ ရက်မှာ စီစဥ်ပြုလုပ်ခဲ့ရာ COVID-19 လူနာများလည်း လာရောက်မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က