တောင်ကိုရီးယားနိုင်ငံမှာ ခွပ်ခွာခွာနေရမယ့် စည်းမျဥ်းစည်းကမ်းကို ပိုမိုတင်းကျပ်ဆောင်ရွက်ခဲ့ပြီးနောက် သီတင်းသုံးပတ်အတွင်း နေ့အလိုက် COVID-19 ကူးစက်မှုအသစ် အနည်ဆုံးဖြစ်လာခဲ့ကြောင်း သိရပါတယ်။
(Photo: Reuters)
ယမန်နေ့ (စက်တင်ဘာ ၄ ရက်) ထုတ်ပြန်မှုအရ တောင်ကိုရီးယားမှာ COVID-19 ကူးစက်ခံရသူ နောက်ထပ် ၁၆၈ ဦး တွေ့ရှိရပြီး ထိုအရေအတွက်ဟာ ကူးစက်မှုဒုတိယလှိုင်းကို ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားမှာ သုံးပတ်အတွင်း အနည်းဆုံးဖြစ်လာခဲ့ပါတယ်။
တောင်ကိုရီးယားမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂၁,၀၁၀ ဦးနဲ့ သေဆုံးသူ ၃၃၃ ဦးရှိခဲ့ကြောင်း Korea Centers for Disease Control and Prevention က ယမန်နေ့မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၅ ရက်နေ့မှာ ခရစ်ယာန်ဘုရားကျောင်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတဲ့ နိုင်ငံရေး စုရုံးချီတက်ပွဲကနေ ကူးစက်မှုတွေ ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း နေ့အလိုက် ကူးစက်မှုအသစ် အနည်းဆုံးသို့ လျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
(Photo: Reuters)
(Photo: Reuters)
ကနဦး COVID-19 ကူးစက်မှုကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့တဲ့ တောင်ကိုရီးယားမှာ လတ်တလော သီတင်းပတ်များအတွင်း ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကူးစက်မှုတွေ မြင့်တက်နေခဲ့တာကြောင့် တောင်ကိုရီးယားမှာ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေခဲ့ကြတဲ့ ဆရာဝန်တွေက ဆန္ဒပြမှု အဆုံးသတ်ရန် သဘောတူခဲ့ကြောင်းလည်း Reuters သတင်းက ဖော်ပြပါတယ်။