လတ်တလော မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံမှာ လတ်တလော မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

တောင်ကိုရီးယားမှာ ခုနစ်နှစ်အတွင်း အရှည်ကြာဆုံး မုတ်သုံရာသီ မိုးရွာသွန်းမှုအဖြစ် ၄၆ ရက်ဆက်တိုက် မိုးသည်းထန်နေခဲ့ပြီးနောက် ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းနဲ့ ရွှေပြောင်းမှုတွေလုပ်ခဲ့ရကြောင်း ယနေ့ (ဩဂုတ် ၈ ရက်) သတင်းတွေက ဖော်ပြပါတယ်။



ကိုးရီးယားကျွန်းဆွယ်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ရာ ယ‌နေ့ ဒေသစံတော်ချိန် ၄ နာရီခွဲအထိ လူဦးရေ ၅,၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြည်ထဲရေးနဲ့ ဘေးကင်းလုံခြုံရေးဝန်ကြီးဌာန အချက်အလက်များအရ သိရှိရပါတယ်။ တောင်ကိုရီးယားမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုများအတွင်း လူ ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။


(Photo: Reueters)

ကိုရီးယားကျွန်းဆွယ် တောင်ဘက်စွန်း Seomjin မြစ်မှာ ယနေ့ မြစ်ရေများလျှံတက်ခဲ့ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း South Jeolla ပြည်နယ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ထိုပြည်နယ်အတွင်း မြစ်ပတ်ဝန်ကျင်းမှ လူ ၅၀၀ အပါအဝင် လူဦး‌ရေ ၁,၉၀၀ ခန့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။

တောင်ကိုရီးယားမှာ မိုးသည်းထန်စွာ ရွာသွန်းနေရာမှ အားလပ်ရက် အပန်းဖြေသွားရောက်လေ့ရှိကြတဲ့ Jeju ကျွန်းမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း သစ်တောဌာန အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ ယမန်နေ့ (ဩဂုတ် ၇ ရက်) က South Jeolla ပြည်နယ် Gokseong ကောင်အတွင်း ကျေးရွာတစ်ရွာနောက်ဘက်ရှိ တောင်တန်းတစ်ခုမှ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်ငါးလုံး နစ်မြုပ်ဖုံးလွှမ်းသွားခဲ့ပြီး လူငါးဦး သေဆုံးခဲ့ကာ သုံးဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း Gwangju လေဆိပ်မှာ လေယာဥ်ပြေးလမ်း ရေကြီးနေမှုကြောင့် ပြည်တွင်းလေကြောင်းခရီးစဥ် ၁၂ ခုကို ဖျက်သိမ်းခဲ့တယ်လို့ Yonhap သတင်းဌာနက ဖော်ပြပါတယ်။ ယနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ နောက်ထပ် မိုးသည်းထန်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့မှာ ပြည်သူများအား မြေအောက်ထပ်နေရာများ၊ တောင်ကြားချိုင့်ဝှမ်းနေရာများနဲ့ မြစ်များအနီး နေထိုင်ခြင်းမပြုကြရန် သတိပေးထားပါတယ်။

တောင်ကိုရီးယားမှာ မုတ်သုံရာသီ အရှည်ကြာဆုံး မိုးရွာသွန်းမှုအဖြစ် ၂၀၁၃ ခုနှစ်အတွင်း ၄၉ ရက်ဆက်တိုက် မိုးရွာခဲ့ဖူးပါတယ်။ လက်ရှိ မိုးလေဝသခန့်မှန်းချက်တွေအရ ယခုနှစ် မုတ်သုံရာသီဟာ ပိုမိုရှည်ကြာနိုင်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

တောင်ကိုရီးယားနဲ့ အိမ်နီးချင်း မြောက်ကိုရီးယားမှာလည်း အနောက်တောင်ပိုင်း နယ်မြေများရှိ စိုက်ပျိုးမြေများနဲ့ ကောက်ပဲသီးနှံများ ရေကြီးမှုကြောင့် ပျက်စီးမှုအခြေအနေကို နိုင်ငံရဲ့ တတိယ အဆင့်အမြင့်ဆုံး တာဝန်ရှိသူ Pak Pong Ju က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း အစိုးရသတင်းဌာန KCNA က ပြောပါတယ်။

အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ် ရေကြီးမြေပြိုမှု

အာရှဒေသရှိ အိန္ဒိယနိုင်ငံမှာလည်း တောင်ပိုင်းဒေသရှိ ကီရာလာပြည်နယ်မှာ လတ်တလော မုတ်သုံမိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။ ယမန်နေ့ ညပိုင်းက မိုးသည်းထန်ပြီးနောက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ရာ Idukki ခရိုင်မှာ နေအိမ်များ မျောပါသွားခဲ့ပါတယ်။


(Photo: New Indian Express)

ရေကြီးမှုများအတွင်း အပျက်အစီးများထဲမှ ရုပ်အလောင်းတွေ ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်ရှာတွေ့ခဲ့ကြပြီး နောက်ထပ် လူ ၄၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Idduki လွှတ်တော်အမတ် Dean Kuriakose က BBC သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိကြတဲ့ Munnar မြို့မှ ၁၅ မိုင်ကွာ Rajamalai နယ်မြေရှိ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ အခြေချနေထိုင်ကြရာ နေရာတစ်ခုမှာ မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။

(Photo: Georgey Mathews)

ဒေသခံသတင်းတွေအရ မြေပြိုမှုအတွင်း လက်ဖက်စိုက်ပျိုးရေး အလုပ်သမားတွေရဲ့ နေအိမ်အလုံး ၂၀ အထိနဲ့ ၎င်းတို့ရဲ့ မိသားစုများ မြေကြီးနဲ့ အပျက်အစီးများအောက် ရောက်ရှိသွားခဲ့ကြောင်း သိရပါတယ်။ ကီရာလာပြည်နယ်အပြင် အိန္ဒိယတောင်ပိုင်းရှိ ကာနာတာကာပြည်နယ်မှာလည်း မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ယခုသီတင်းပတ်ကုန်အတွင်း မိုးသည်းထန်နိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။ 

.

Share

Loading Next Article...
က္က