မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို တုံ့ပြန်မှုအဖြစ် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေခြင်းကို ရပ်ဆိုင်းထားလိုက်ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။
(Photo: Reuters)
လတ်တလော သီတင်းပတ်များအတွင်း တောင်ကိုရီးယားဘက်မှ မြောက်ကိုရီးယားဆန့်ကျင်ရေး စာသားများရေးသားထားတဲ့ လက်ကမ်းစာရွက်တွေ ပေးပို့နေမှုအပေါ် မြောက်ကိုရီးယားအစိုးရက ဒေါသတကြီး တုံ့ပြန်မှုတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြောက်ကိုရီးယားက နှစ်နိုင်ငံဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပြီး နယ်စပ်ဒေသရှိ စစ်မဲ့ဇုန် (Demilitarised Zone - DMZ) အတွင်းသို့ စစ်တပ်စေလွှတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
သို့သော် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တက်ရောက်ခဲ့တဲ့ ဗဟိုစစ်ကော်မရှင် အစည်းအဝေးမှာ တောင်ကိုရီးယားနဲ့ ပတ်သက်ပြီး စစ်ရေးလှုပ်ရှားမှုကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း အစိုးရသတင်းဌာန KCNA က ပြောခဲ့ပါတယ်။ ထို့အတူ မြောက်ကိုရီးယားက တောင်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေ ထုတ်လွှင့်ရန်အတွက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ တပ်ဆင်ထားခဲ့တဲ့ အသံချဲ့စက်တွေကိုလည်း စတင်ဖြုတ်သိမ်းခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြပါတယ်။
(Photo: Reuters)
မြောက်ကိုရီးယားက စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းလိုက်ခြင်းဟာ ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံက စစ်တပ်ကို အသင့်ပြင်ထားရန် အမိန့်ပေးညွှန်ကြားခဲ့ပြီးနောက်ပိုင်း တင်းတင်းမာမာ ပြောဆိုဆောင်ရွက်နေမှုတွေကို အထင်အရှား လျှော့ချလိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားကနေ ဘက်ပြောင်းခိုလှုံသူတွေက ကင်မ်ဂျုံအန်ကို ဝေဖန်ရှုတ်ချမှု အပါအဝင် မြောက်ကိုရီးယားဆန့်ကျင့်ရေး ဝါဒဖြင့် လက်ကမ်းစာရွက်များ ၎င်းတို့နိုင်ငံအတွင်းသို့ ပေးပို့နေခြင်းနဲ့ပတ်သက်ပြီး ကင်မ်ဂျုံအန်ရဲ့ညီမ ကင်မ်ယိုဂျုံက သတိပေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ ၁၉၅၀-၁၉၅၃ စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ထက် စစ်ရပ်ဆိုင်းမှုဖြင့်သာ ပြီးဆုံးခဲ့ရာ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ သတ်မှတ်ချက်အရ လက်ရှိအချိန်အထိ စစ်ပွဲအတွင်း ရှိနေဆဲဖြစ်ပါတယ်။