သီတင်းပတ်ကုန်ရက်များအတွင်း တောမီးအန္တရာယ်ရှိလာနိုင်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ အပူချိန်မြင့်တက်မှုနဲ့ လေပြင်းများတိုက်ခတ်မှုကြောင့် မီးသတ်သမားများ မထိန်းနိုင်တဲ့ တောမီးလောင်မှုကြီး ဖြစ်ပွားနေရာ ကန်ဘာရာမြို့တော်နဲ့ ပတ်ဝန်းကျင်းဒေသတွေကို အရေးပါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

(Photo: Getty Images)

ကန်ဘာရာမြို့နဲ့ ပတ်ဝန်းကျင်မှာ အရေးပေါ်အခြေအနေ ကြေညာရန်ဆုံးဖြတ်ခြင်းဟာ ၂၀၀၃ ခုနှစ်က လူသေဆုံးမှုတွေဖြစ်ခဲ့တဲ့ တောမီးလောင်မှုနောက်ပိုင်း ပထမဆုံအကြိမ်ဖြစ်တယ်လို့ ဩစတြေးလျမြို့တော်နယ်မြေ (Australian Capital Territory - ACT) ဝန်ကြီးချုပ် အန်ဒရူးဘားရ်က ပြောပါတယ်။



ကန်ဘာရာမြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ယခုလာမယ့် သီတင်းပတ်ကုန်ရက်များအတွင်း တောမီးအန္တရာယ်ရှိလာနိုင်ကြောင်း သိရပါတယ်။ ACT နယ်မြေတောင်ဘက်မှာ မထိန်းချုပ်နိုင်တဲ့ တောမီးလောင်မှုကြီး ဖြစ်ပွားနေပြီး နယ်မြေရဲ့ မြေအကျယ်အဝန်း ၈ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၇၁ စတုန်ရန်းမိုင်မှာ လောင်ကျွမ်းနေပါတယ်။

(Photo: wakeupsitt/Twitter)

"ဒီ မီးက မခန့်မှန်းနိုင်လောက်အောင် ဖြစ်လာနိုင်တယ်၊ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်လာနိုင်ပါတယ်" လို့ အန်ဒရူးဘားရ်က ပြောပါတယ်။ အလွန်ပူပြင်းမှု၊ လေပြင်းတိုက်မှုတွေနဲ့ ခြောက်သွေ့တဲ့မြေပြင် အနေအထားတွေကြောင့် ကန်ဘာရာမြို့ရဲ့ တောင်ဘက်ဆင်ခြေဖုံးနေရာတွေမှာ တောမီးအန္တရာယ်ရှိနေပါတယ်။

ကန်ဘာရာမြို့တော်မှာ ဩစတြေးလျလွှတ်တော် တည်ရှိပြီး အစိုးရနဲ့ လွပ်လပ်တဲ့အဖွဲ့အစည်းတွေရဲ့ ရုံးစိုက်ရာနေရာလည်း ဖြစ်ပါတယ်။ ထို့အတူ ဩစတြေးလျ အမျိုးသားပြတိုက်လည်း တည်ရှိပါတယ်။ ၂၀၀၃ ခုနှစ်က ကန်ဘာရာမှာ တောမီးလောင်မှုကြောင့် လူလေးဦး သေဆုံးပြီး နေအိမ် ၅၀၀ နီးပါး ပျက်စီးခဲ့ဖူးကြောင်း BBC သတင်းဖော်ပြပါတယ်။

(Photo: Martin Ollman/MEGA)

ကန်ဘာရာမြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ အရေးပေါ်အခြေအနေအဖြစ် ယနေ့ (ဇန်နဝါရီ ၃၁ ရက်) ကြေညာခဲ့ပြီး ၇၂ နာရီကြာမြင့်မှာ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာထားမှုအရ အာဏာပိုင်တွေအနေနဲ့ ရွှေ့ပြောင်းမိန့်ခြင်း၊ လမ်းများပိတ်ပင်ခြင်းနဲ့ ပုဂ္ဂလိက အဆောက်အအုံကို ထိန်းချုပ်ခြင်းကဲ့သို့ လုပ်ပိုင်ခွင့်အာဏာများ ပိုမိုရရှိထားပါတယ်။ ဩစတြေလျးမှာ အပူချိန်မြင့်တက်မှုတွေကို ဗစ်တိုးရီးယားနဲ့ New South Wales ပြည်နယ်တွေမှာလည်း ယခုသီတင်းပတ်ကုန်အတွင်း ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

ထိုပြည်နယ်တွေမှာ တောမီးလောင်မှု ၈၀ ခန့် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဩစတြေလျးမှာ ယမန်နှစ် စက်တင်ဘာလကတည်းက ဖြစ်ပွားနေခဲ့တဲ့ တောမီးလောင်မှုတွေကြောင့် လူ ၃၃ ဦးထက် သေဆုံးခဲ့ပြီး နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။ တောမီးက မြေဧက ၂၇ သန်းကျော်မှာ လောင်ကျွမ်းခဲ့ပါတယ်။ ဩစတြေးလျမှာ တောမီးလောင်မှုတွေ နှစ်စဥ် ဖြစ်ပွားလေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုကြောင့် မီးလောင်မှုဟာ ပိုမိုပြင်းထန်လာကြောင်း သိပ္ပံပညာရှင်တွေက သုံးသပ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က