တောမီးလောင်မှုတွေ အကြီးအကျယ်ဖြစ်ပွားနေခဲ့တဲ့ ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာ ယခုအခါ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းများ ကျရောက်ခဲ့ရာ နေရာအချို့မှာ ရေကြီးမှုအန္တရာယ်ရှိနေကြောင်း သိရပါတယ်။
(Photo: EPA)
တောမီးလောင်မှု ဆိုးရွားစွာကြုံနေခဲ့ရတဲ့ ဗစ်တိုးရီးယား၊ ကွင်းစ်လန်းနဲ့ New South Wales (NSW) ပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ရာသီဥတုအခြေအနေကြောင့် ကွင်းစ်လန်းမှာ အဓိက လမ်းမကြီးများ ပိတ်ထားရပြီး NSW ပြည်နယ်ရှိ နေရာတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
သို့သော် မိုးရွာသွန်းမှုက တောမီးလောင်မှုကို ငြှိမ်းသတ်ရာမှာ အကူအညီဖြစ်စေခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဩစတြေးလျမှာ ယမန်နှစ် စက်တင်ဘာလကတည်းက တောမီးလောင်မှုများ စတင်ဖြစ်ပွားနေခဲ့ရာ လူ ၂၈ ဦး သေဆုံးပြီး နေအိမ် ၂,၀၀၀ ကျော် ပျက်စီးခဲ့ကာ မြေဧက သန်းနဲ့ချီ လောင်ကျွမ်းသွားခဲ့ပါတယ်။
(Photo: Twitter/Daily Mail)
ယခုအခါ တောမီးလောင်မှု အဆိုးဆုံးကြုံခဲ့ရတဲ့ NSW ပြည်နယ် နေရာအချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသက်မုန်တိုင်းကျရောက်ခဲ့ရာ ရုတ်တရက် ရေကြီးမှုဖြစ်နိုင်ကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။ မိုးရွာသွန်းမှုနဲ့ အပူချိန်လျော့ကျသွားမှုကြောင့် NSW ပြည်နယ်တစ်လျှောက် ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ တောမီးလောင်မှု ၁၀၀ ကျော် ဖြစ်ပွားနေခဲ့ရာမှာ ယနေ့ (ဇန်နဝါရီ ၁၈ ရက်) မှာ ၇၅ ခုသို့ လျော့နည်းသွားခဲ့ပါတယ်။
မီးလောင်ပြင်နေရာ အများအပြားမှာ မိုးဆက်လက်ရွာမှာဖြစ်ကြောင်း၊ သို့သော် တောင်ဘက်စွန်းကမ်းရိုးတန်းနဲ့ ပြည်နယ်နယ်စပ်တစ်လျှောက်မှာတော့ မိုးရွာသွန်းမှု မရှိသေးကြောင်း NSW ကျေးလက်မီးသတ်ဌာနက Twitter မှာ ပြောထားပါတယ်။ ထိုအတောအတွင်း ကွင်းစ်လန်းပြည်နယ်မှာ လအတန်ကြာအတွင်း မိုးရေချိန်အများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
(Photo: 7 News Brisbane/Twitter)
ကွင်းစ်လန်းမှာ အဓိက လမ်းမကြီးအချို့ကို ပိတ်ထားရပြီး လူနေဒေသတွေမှာ ရေကြီးနေပါတယ်။ သို့သော် သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုက လျော့နည်းသွားပေမဲ့ ယခု သီတင်းပတ်ကုန်တွင်း မိုးသက်မုန်တိုင်းနဲ့ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်သေးကြောင်းနဲ့ ရေကြီးနေတဲ့ လမ်းမတွေကို အသုံးမပြုကြရန် ကွင်းစ်လန်းပြည်နယ် မိုးလေဝသဌာနက Twitter မှာ ယနေ့ ရေးသားထားပါတယ်။
ဗစ်တိုးရီးယားပြည်နယ် မိုးလေဝသဌာနကလည်း အလယ်ပိုင်းနဲ့ အရှေ့ပိုင်းနေရာများတစ်လျှောက် မိုးသက်မုန်တိုင်းကျရောက်နိုင်ကြောင်း သတိပေးထားပါတယ်။ ဩစတြေးလျမှာ မိုးရွာသွန်းမှုတွေရှိလာခဲ့ပေမဲ့ ယနေ့အထိ Kangaroo ကျွန်း အပါအဝင် နိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ ကြီးမားတဲ့ တောမီးလောင်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။