သြဂုတ်လ(၁၆)ရက်နေ့ကစပြီး တားမြစ်ခဲ့တာပါ။

သပိတ်ကျင်းမြို့နယ်က ရွှေကြောအသစ် ဆိုတဲ့နေရာမှာ မလိုလားအပ်တဲ့အန္တရယ် မဖြစ်အောင် ဒေသခံတွေလာရောက်တူးဖော်မှုကို ဩဂုတ်လ (၁၆)ရက်နေ့ကစပြီး တားမြစ်ထားတယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာအနီး သုံးထပ်ကွေ့မှာ လမ်းတိုးချဲ့ဖို့ မြေသားတောင်ကို ဖြိုချရာကနေ ရွှေအပိုင်းစတွေတွေ့ရှိခဲ့တာကြောင့် ဒေသခံတွေက ရွှေကြောတွေ့တယ်ဆိုပြီး တူးဖော်ခဲ့ကြတာပါ။ လက်ရှိမှာတော့ အဆိုပါနေရာမှာ မလိုလားအပ်တဲ့ အန္တရယ် တွေဖြစ်လာမှာ စိုးရိမ်တာကြောင့် တူးဖော်ခွင့်ကို တားမြစ်ထားတယ်လို့ဆိုပါတယ်။

“ မနေ့ကစပြီး တူးဖော်ခွင့်ကို တားမြစ်လိုက်တာ။ တူးဖော်တဲ့သူက များလာတော့ တောင်နံရံမြေသားပဲ့ကျလာတာတွေ စတဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေမဖြစ်လာအောင် ကြိုတင်ကာကွယ်တဲ့ သဘောပါ။ သူတို့ စတူးကတည်းက ဘေးမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လုံခြုံရေးချထားခဲ့တယ်။ အားလုံးကလည်း လောဘစိတ်တွေနဲ့ဖြစ်လာရင် မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေလည်းဖြစ်လာနိုင်လို့ တားမြစ်လိုက်တာ”လို့ ချောင်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးဆန်းကပြောပါတယ်။ 

ဩဂုတ်လ (၁၅)ရက်နေ့ကစပြီး မန္တလေး-မိုးကုတ်-မြစ်ကြီးနားကားလမ်းပိုင်းကို လမ်းချဲ့ဖို့ ကမ်းပါးယံတွေ ဖြိုချရာမှာ ရွှေပါတဲ့ ကျောက်သားလွှာတွေ ပါလာတာကြောင့် ဒေသခံတွေက တစ်နိုင်တစ်ပိုင် လာရောက်တူးဖော်ခဲ့ကြတာပါ။ တူးဖော်လာတဲ့ ကျောက်တွေကို ပြန်ပြီး သန့်စင်ရာမှာ တစ်လုံးကို ပေါက်ဈေး နှစ်သောင်းခန့် တန်တဲ့ ရွှေအပိုင်းအစတွေ ရကြတယ်လို့ လာရောက်တူးဖော်သူ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

သပိတ်ကျင်းမြို့နယ်က အခုလိုရွှေကြောမကြာခဏတွေ့ရှိတဲ့ ဒေသဖြစ်ပြီး ဒေသခံတွေအနေနဲ့ကတော့ တစ်နိုင်တစ်ပိုင် လာရောက်တူးဖော်မှုတွေရှိကြတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာစိုးရိမ်တာကြောင့် လက်ရှိတွေ့ရှိတဲ့ ရွှေကြောသစ်ဆိုတဲ့နေရာကို တူးဖော်ခွင့်တားမြစ်လိုက်ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က