တောင်ငူမြို့ကို သစ်တွေ တင်ဆောင်လာတဲ့ ယာဉ်ကို တားဆီးပြီး လာဘ်ငွေ (၁၀) သိန်း တောင်းခံခဲ့တဲ့ တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်လင်းအောင်ကို အဂတိလိုက်စားမှုနဲ့ အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ (၂) ရက် မနက် (၃) နာရီခွဲအချိန်လောက်က တောင်ငူမြို့ကို ပျဉ်းကတိုး ၂ တန်ခန့် သယ်လာစဉ်မှာ ဒုရဲအုပ်ဟန်လင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၈) ဦးက တောင်ငူမြို့အဝင် အဝေးပြေးယာဉ်ရပ်နားစခန်းအနီးမှာ ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံခဲ့တာကြောင့် အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားခဲ့တာပါ။
တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ရာ တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်လင်းအောင်နဲ့ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁ ရက် ညဉ့်နက်ပိုင်းမှာ လှည့်ကင်းတာဝန်ထမ်းဆောင်နေခဲ့တယ်လို့သိရပါတယ်။
အဲဒီလို ဆောင်ရွက်စဉ်မှာ ဖေဖော်ဝါရီ ၂ ရက် မနက် ၃ နာရီခွဲအချိန်လောက်မှာ သစ်တွေတင်ဆောင်လာတဲ့ မော်တော်ယာဉ်ကို တားဆီးပြီး လာဘ်ငွေ အဖြစ် ကျပ်သိန်း (၅၀) တောင်းခံခဲ့ကြောင်း ၊ အကြိမ်ကြိမ် ညှိနှိုင်းပြီးမှ ငွေကျပ် (၁၀) သိန်းကို (၂) ကြိမ်ခွဲပြီး လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
စစ်ဆေးပေါ်ပေါက်ချက်အရ ဒုရဲအုပ်ဟန်လင်းအောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ ပဲခူးတိုင်း၊ တောင်ငူမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၂၇ ရက် နေ့မှာ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။