ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို မိုက်ကယ်ကာရစ်ကိုင်တွယ်ချိန်မှာ အသင်းက တန်းဆင်းဇုန်နား တဝဲလည်လည်ဖြစ်နေတာပါ။ ရလဒ်တွေလည်း ဆိုးရွားနေခဲ့ပြီး တန်းမဆင်းရဖို့ကိုပဲ ဦးစားပေးရတော့ အသင်းဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းမှာ သူက မစ်ဒယ်ဘရော့ နည်းပြသစ်ဖြစ်လာခဲ့ပြီး အခုဆိုရင် သူ့အသင်းကို အဆင့် ၃ နေရာဆီ ပို့ဆောင်ထားနိုင်ခဲ့ပါပြီ။
စုစုပေါင်းအားဖြင့် ပွဲပေါင်း ၁၈ ပွဲကိုင်တွယ်ခဲ့ရာမှာ ၁၃ ပွဲအထိ အနိုင်ရခဲ့ပြီး ၁ပွဲသရေကျကာ ၄ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ နိုင်ပွဲရာခိုင်နှုန်း ၇၂.၂% အထိ ရှိခဲ့ပြီး လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့အထိ မစ်ဒယ်ဘရော့က မျှော်လင့်နေပါပြီ။ မနေ့ညကလည်း ကျူပီအာကို ၃-၁ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပြီး တိုက်ရိုက်တန်းတက်ခွင့်နေရာ အဆင့် ၂ က ရှက်ဖီးယူနိုက်တက်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။
နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၅ ပွဲဆက်တိုက်လည်း အနိုင်ရခဲ့ပြီး အဲဒီ ၅ပွဲမှာ တပွဲကို အနည်းဆုံး ၂ ဂိုးနှုန်းသွင်းယူခဲ့တာပါ။ လူငယ်ကစားသမားတွေနဲ့ တည်ဆောက်ထားတဲ့ သူ့အသင်းကို ကစားကွက်ပိုင်းကအစ အဆင့်အတန်းရှိလာအောင် ကာရစ်က ဖန်တီးပေးနိုင်ခဲ့ပြီး ဒီရာသီ ချန်ပီယံရှစ်မှာ အကောင်းဆုံးနည်းပြလို့တောင်မှ ပြောရပါလိမ့်မယ်။
မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းကြီးက ယူနိုက်တက်ကို ယာယီနည်းပြအဖြစ်နဲ့ ကိုင်တွယ်ချိန်ကတည်းက ရလဒ်ကောင်းတွေယူပေးခဲ့လို့ အနာဂတ်မှာ အသင်းနည်းပြဖြစ်လာမယ်လို့ပါ မျှော်လင့်ခံထားရသူဖြစ်ပါတယ်။ ဒီဘက်ခေတ် အင်္ဂလန်လက်ရွေးစင်ဟောင်းတွေထဲမှာ လမ်းပတ်၊ ဂျရတ်၊ နဗီးလ်ညီအကို၊ ပေါလ်စခိုးတို့ နည်းပြအဖြစ် လုပ်နေပြီဖြစ်ပေမယ့် ထင်မှတ်သလိုဖြစ်မလာသေးပါဘူး။
ကာရစ်ကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့အလုပ်သူလုပ်ပြနေပြီး အသင်းကို အမြင့်ဆီ ဆွဲတင်ပေးနေတာက တော်တော်လေးခရီးရောက်နေခဲ့ပါပြီ။ တန်းတက်ခွင့်အတွက် ပလေးအော့အဆင့်ကို စိတ်ချလို့ရသွားပြီဖြစ်ကာ တိုက်ရိုက်တန်းတက်နိုင်ဖို့အတွက် သူ လုပ်ပေးနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရပါတော့မယ်။