လစဉ်ကြေး တစ်လ ကျပ် ၁ သောင်းဝန်းကျင်တန် Subscription သစ် နဲ့အတူ Telegram စာပို့ App ဟာ လစဉ်သုံးစွဲသူ သန်း ၇၀၀ ကျော် ရှိလာပြီလို့ ဆိုပါတယ်။
Telegram ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလထဲမှာ လစဉ်သုံးစွဲသူ သန်း ၅၀၀ ပြည့်ခဲ့တာ ဖြစ်ပြီး ဒီနှစ် ဇွန်လအရောက်မှာ လစဉ်သုံးစွဲသူသန်း ၇၀၀ ကျော်လာခဲ့တာ ဖြစ်ပါတယ်။ လစဉ်သုံးစွဲသူ သန်း ၇၀၀ ပြည့် အထိမ်းအမှတ်နဲ့ သီးသန့် Features တွေ ပါတဲ့ Telegram Premium လုပ်ဆောင်ချက်ကို မိတ်ဆက်လာတာပါ။
လစဉ်ကြေး တစ်လကို ၅ ဒေါ်လာကနေ ၆ ဒေါ်လာကျသင့်မယ့် Telegram Premium ဟာ ဒေါင်းလုပ်ဆွဲမှု ပိုမြန်ဆန်လာပြီး ပိုကြီးတဲ့ ဖိုင်ဆိုဒ်တွေ ဒေါင်းနိုင်မှာပါ။ စတစ်ကာနဲ့ Reaction သစ်တွေ ပိုပါလာသလို စကားပြောတဲ့ Chat Room စနစ်ပါ ပိုကောင်းလာမှာပါ။ ပုံမှန် standard users တွေအတွက် ဖိုင်ဆိုဒ်ကို 2GB အထိပဲ Upload တင်ခွင့်ပြုထားခဲ့ရာကနေ Telegram Premium မှာ 4GB ဖိုင်တွေ Upload တင်ခွင့်ပေးသွားမှာပါ။
Premium စာရင်းသွင်းသုံးသူတွေဟာ Standard Users တွေထက် နှစ်ဆပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိလာမှာ ဖြစ်ပါတယ်။ ပုံမှန်ဆို Channel ၅၀၀ အထိပဲ Join ခွင့်ပေးထားရာကနေ Subscribers တွေဟာ Channel ၁၀၀၀ အထိ ဝင်ခွင့်ရသွားမှာ ဖြစ်ပါတယ်။ Chat Folder ၂၀ အထိ ဖွင့်နိုင်ပြီး Folder တစ်ခုချင်းမှာ လူ ၂၀၀ အထိ Chat နိုင်မှာပါ။ App ထဲမှာ အကောင့် ၄ ခုအထိ ထည့်နိုင်ပြီး Chat List ၁၀ ခုအထိ Pinned ထားနိုင်မယ်လို့လည်း ဆိုပါတယ်။
ဒူဘိုင်းမှာ အခြေစိုက်ထားတဲ့ Telegram ကုမ္ပဏီဟာ ကြော်ငြာရှင်တွေထက် သုံးစွဲသူအခြေပြုပြီး ဝင်ငွေရမယ့်အစီအစဉ်ကို စတင်လိုက်တာ ဖြစ်ပါတယ်။ ပရီမီယမ်လစဉ်ကြေးနဲ့ Subscription အစီအစဉ် စတင်တာဟာ Messaging App တစ်ခုအတွက် ဒါက ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုရမှာပါ။ Telegram ရဲ့ ထိပ်တန်းပြိုင်ဘက် Signal ၊ WhatsApp ၊ Facebook Messenger ၊ Apple's Messages နဲ့ Google's Messages တို့မှာ အခုလို Premium Subscription စနစ် မိတ်ဆက်ခြင်း မရှိသေးပါဘူး။
"ဒီနေ့က Telegram သမိုင်းမှာ အရေးပါတဲ့ နေ့တစ်နေ့ပါ။ မှတ်တိုင်သစ် ဖြစ်ရုံတင် မဟုတ်ပါဘူး။ Telegram ရဲ့ ရေရှည်တည်တံ့တဲ့ ငွေရှာရေးကဏ္ဍအတွက်လည်း စတင်လိုက်တာ ဖြစ်လို့ပါ"လို့ ကုမ္ပဏီရဲ့ Blog Post မှာ ပြောထားပါတယ်။ အိန္ဒိယမှာ Telegram Premium ဗားရှင်းဟာ iPhone သုံးစွဲသူတွေအတွက် ၆ ဒေါ်လာ ကောက်ခံပြီး စပိန်နိုင်ငံမှာ တစ်လ ၅.၄၉ ယူရို ကျသင့်မယ်လို့ ဆိုပါတယ်။