ထူးထူးခြားခြား မည်သူမဆို သွားရောက်ယှဉ်ပြိုင်နိုင်တဲ့ PUBG Mobile: King of the Hill ပွဲကိုတော့ စက်တင်ဘာ ၁ ရက်နေ့မှာ Junction Square ၌ ကျင်းပသွားမှာပါ။

PUBG Mobile ဆော့တာ ကောင်းပေမယ့် တစ်ယောက်တည်းဖြစ်နေလို့ ပြိုင်ပွဲတွေ မပြိုင်နိုင်တဲ့သူတွေ စိတ်မညစ်ပါနဲ့တော့။

       PUBG Mobile ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Tencent Games ကနေ ပြီးခဲ့တဲ့လကမှ Community Battleground ဆိုတဲ့ Online ပြိုင်ပွဲကို မြန်မာနိုင်ငံအတွက် ကျင်းပပေးခဲ့ပြီး ယခုအခါမှာတော့ ကစားသမားတွေ တစ်နေရာတည်းမှာ စုပြီးကစားရမယ့် Offline ပြိုင်ပွဲကို ကျင်းပပေးတော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့နာမည်ကိုတော့ King Of The Hill လို့အမည်ပေးထားပြီး Oppo မှ Title Sponsor အဖြစ် ပါဝင်အားဖြည့်ထားပါတယ်။



         ဒီပြိုင်ပွဲမှာတော့ ထူးထူးခြားခြား တစ်ဦးချင်းစီ "Solo" ယှဉ်ပြိုင်ရမှာဖြစ်သလို Squad ပြိုင်ပွဲတွေမှာ ကစားရလေ့မရှိတဲ့ Sanhok မြေပုံမှာ Third Person Perspective နဲ့ ဆော့ကစားရမှာပါ။ ပြိုင်ပွဲဝင် အရေအတွက်ကိုတော့ အယောက် ၆၀ သာသတ်မှတ်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်လိုပါက အွန်လိုင်းကနေ ကြိုတင် Register ပြုလုပ်လို့ရမှာ မဟုတ်ဘဲ ပြိုင်ပွဲကျင်းပတဲ့နေမှာ ကျင်းပရာနေရာကို သွားရောက်ပြီးမှ စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

Sanhok မြေပုံမှာ ၅ ပွဲတိတိ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တစ်ပွဲချင်းစီရဲ့ အနိုင်ရရှိသူတွေကို ဒေါ်လာ ၁၀၀ စီ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ၅ ပွဲစလုံး ကစားအပြီးမှာ Kill အများဆုံးရရှိတဲ့ ကစားသမားကိုလည်း ထူးချွန်ဆုအဖြစ် ဒေါ်လာ ၁၀၀ ကို သပ်သပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပြီးခဲ့တဲ့ Community Battleground တုန်းက Winner နဲ့ Runner Up အသင်းတွေဖြစ်တဲ့ Team 7 နဲ့ Burmese Ghouls တို့က ကစားသမား ၈ ဦးတို့ကလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ထပ်မံသိရပါတယ်။

Tencent Games ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် အပျော်တမ်းပြိုင်ပွဲတွေ ဆက်တိုက် ပြုလုပ်ပေးနေတာကြောင့် သိပ်မဝေးတော့တဲ့အနာဂတ်မှာ ဆုကြေးအများကြီးချီးမြှင့်မယ့် ပြိုင်ပွဲကြီးတစ်ခု ကျင်းပပေးဖို့ အစီအစဉ်ဆွဲနေတယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် ပြည်တွင်းကဝါသနာရှင်တွေအနေနဲ့ ကြိုတင်လေ့ကျင့်ထားကြဖို့ အကြံပြုချင်ပါတယ်။

အခုလာမယ့် King Of The Hill PUBG Mobile ပြိုင်ပွဲကြီးကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ Junction Square Promotion Area မှာ စက်တင်ဘာလ ၁ ရက်နေ့ရဲ့ မနက် ၁၁ နာရီကနေ ည ၇ နာရီအထိ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

-Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က